
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်ဟာ လူပေါင်း ၁,၇၁၉ ယောက် သေဆုံးခဲ့ရတဲ့ မြေငလျင် ရှေ့ဆင့် နောက်ဆင့် ၂ ကြိမ် လှုပ်ခတ်မှုအပြီး ၅ ရက်မြောက်နေ့အဖြစ် အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဇွန် ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံပေါင်း ၃၀ က ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဒီရှာဖွေရေးလုပ်ငန်းတွေမှာ လာရောက် ပူးပေါင်း နေကြပြီး လာဂွိုင်ရာ၊ မီရန်ဒါနဲ့ ကာရာကတ်စ်မြို့တွေမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ နေအိမ် တွေမှာ လူပြန်နေထိုင်လို့ ရ၊ မရ ကျွမ်းကျင်သူတွေက ကွင်းဆင်းစစ်ဆေးနေကြတယ်လို့ ဆိုပါတယ်။
ယာယီသမ္မတ ရိုဒရီဂတ်ဇ်ဟာ ဇွန် ၂၄ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ အဓိကစိန်ခေါ်မှုတခုဖြစ်တဲ့ “ယာယီစခန်းများနှင့် အိမ်ရာများဆိုင်ရာ အထွေထွေကွပ်ကဲမှုအဖွဲ့” ဖွဲ့စည်းခြင်း အခမ်းအနားကို သဘာပတိအဖြစ် ဆောင်ရွက်နေချိန်အတွင်း အခုလိုပြောကြားခဲ့တာပါ။
ဒါ့အပြင် အိမ်ရာနဲ့ လူနေမှုပတ်ဝန်းကျင်ဝန်ကြီးဌာနအနေနဲ့လည်း နေအိမ်တွေကို အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ဖို့ စီမံကိန်းတွေ ရေးဆွဲဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ အဆိုအရ တနင်္လာနေ့ မနက်အစောပိုင်းက ဗင်နီဇွဲလားမြို့တော် ကရာကာ့စ်ရဲ့ မြောက်ဘက်၊ အနက် ၁၀ ကီလိုမီတာ (၆ မိုင်) ကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၆ ရှိတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်ခဲ့သေးတာ ဖြစ်ပါတယ်။
Source: Reuters











