DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် မြေပြိုပြီး အိမ်အများအပြား ပိမိ၊ ကယ်ဆယ်ရေးများသွားရန် ခက်ခဲ
DVB
·
September 27, 2026
လောင်းလုံးတွင် မြေပြိုပြီး အိမ်အများအပြား ပိမိ၊ ကယ်ဆယ်ရေးများသွားရန် ခက်ခဲ
1 / 11
Photo : ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဒေသခံ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေကြီးမြေပြိုလို့ အိမ်တွေပိမိပြီး လူတွေလည်း သေဆုံးကြသလို လမ်းမှာ ရေလျှံနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေလည်း အချိန်မီ မရောက်နိုင်ကြဘူးလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မနေ့ကတည်းက သရက်ချောင်း၊ လောင်းလုံးနဲ့ ပုလောမြို့နယ်တို့မှာ မိုးသည်းသည်းထန်ထန်ရွာလို့ ရေကြီးရေလျှံနေပြီး လောင်းလုံးမြို့နယ်အောက်ဘက်က ရွာတချို့မှာတော့ မြေပြိုခဲ့ပါတယ်။

လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်နဲ့ သဗျာကျေးရွာတို့မှာ မြေပြိုလို့ အိမ်တော်တော်များများ ပြိုကျ ပိမိပြီး လူတွေလည်း သေဆုံးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကူညီကယ်ဆယ်ဖို့ သွားတဲ့အဖွဲ့တွေဟာလည်း ကမြောကြီးဒေသမှာ ရေကြီးတာကြောင့် ရှေ့ဆက်သွားဖို့ အခက်ကြုံရတယ်လို့ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ဆိုပါတယ်။

အဲဒါကြောင့် လူနာတင်ကားလေးနဲ့ သွားမရတော့ဘဲ မြေသယ်ကားကြီးနဲ့ သွားဖို့ စီစဉ်ထားပြီး နောက်ထပ် အဖွဲ့ ၄ ဖွဲ့လည်း ပူးပေါင်းပါဝင်လာတယ်လို့ ဆိုပါတယ်။

မင်းရပ်ရွာမှာတော့ ကလေးတယောက်ရဲ့အလောင်းကို ရှာဖွေနိုင်ခဲ့တယ်လို့ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့က ဆိုပါတယ်။

ကမြောကြီး၊ အင်းဝန်း၊ ကျောက်နီမော်၊ ညောပြင်၊ သဗျာ၊ ကဒက်ငယ်၊ ညင်းမော် စတဲ့ကျေးရွာတွေ ရေကြီးနစ်မြုပ်ခဲ့ပြီး ဒီမနက်မှာတော့ တချို့ရွာတွေမှာ ရေပြန်ကျပြီလို့ သိရပါတယ်။

ရေဟာ ရုတ်တရက်ဆိုသလိုတက်လာတယ်လို့ ဒေသခံတွေကဆိုပြီး မြေပြိုတာကြောင့် အိမ်ခြေ ၂၀ ဝန်းကျင် ပိမိတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

သရက်ချောင်းမြို့နယ်က မြို့မရပ်ကွက်၊ ရေတံခွန်လမ်းနဲ့ ဌာနလမ်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်း၊ လောင်းလုံးမြို့နယ်၊ က ရပ်ကွက်က ပန်းတောဝလမ်း၊ မိတ်ဆက်လမ်း၊ သီရိမင်္ဂလာလမ်း၊ အောင်ချမ်းသာလမ်း၊ ခ ရပ်ကွက်က ကြံတိုင်းအောင်လမ်း၊ ဂ ရပ်ကွက်က မရမ်းကုန်းလမ်းတို့မှာ ရေလျှံပြီး နေအိမ်တွေထဲ ရေဝင်ရောက်နေတယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013