
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က မြေပြိုခဲ့တဲ့ ကျေးရွာ ၁၀ ရွာလောက် လမ်းကြောင်း ပြတ်တောက်ပြီး ပိတ်မိနေတဲ့အတွက် အရေးပေါ်လမ်းပြန်ဖောက်ဖို့ ကြိုးစားနေရပြီး ပြန်လည် ထူထောင်ရေးအတွက် မလုပ်ကိုင်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
မြေပြိုပြီးတာ ၂ ပတ်ကျော် ကြာခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေက လမ်းပြန်ဖောက်တာတွေ လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့လည်း စက်ယန္တရား လိုအပ်ချက်တွေကြောင့် ကျေးရွာ ၁၀ ရွာကျော်လောက်သာ လမ်းပွင့်ပြီး သွားလာလို့ ရသွားပေမဲ့ ကျန်ရှိနေတဲ့ ကျေးရွာ ၁၀ ရွာကို သွားလာလို့ မရသေးဘူးလို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်ထဲက ကျောက်တွင်း၊ ဝဲမကိုက်၊ စွန်ကြီး၊ ချောင်းဖျားကြီး၊ အိမ်ယာဟောင်း၊ ရမ္မဇူ စတဲ့ကျေးရွာတွေကို ကယ်ဆယ်ရေးသမားတွေက ရတဲ့နည်းနဲ့ အကူအညီတွေ ပေးနေတဲ့အကြောင်း လောင်းလုံးမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
“ကားလမ်းတလျှောက်မှာရှိတဲ့ ရွာတွေကတော့ လမ်းပေါက်သွားပြီပေါ့။ ကားလမ်းကနေပြီးတော့ လောင်းလုံးတောင်ကြောရဲ့ အနောက်ခြမ်းကရွာတွေမှာတော့ ပိတ်မိနေတဲ့ အနေအထားတွေရှိတယ်။ အဲဒီရွာတွေ ရောက်နိုင်အောင်လို့တော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးစားပြီးတော့ လမ်းတွေ ဖောက်ပြီး သွားနေကြပါတယ်။ တချို့ ကယ်ဆယ်ရေးအဖွဲ့တွေက လမ်းမပေါက်ရင်တောင်မှ ကုန်းကြောင်းလျှောက်ပြီးတော့ သွားပြီးတော့ ရိက္ခာတွေ ထောက်ပံ့ပေးနေတာပေါ့။ လမ်းကတော့ မကြာခင်တော့ ပေါက်မယ်လို့ ထင်ပါတယ်။ လမ်းကြောင်းပိတ်နေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ စားနပ်ရိက္ခာတော့ အကူအညီ လိုအပ်နေတာပေါ့။ အဲဒီရွာတွေက အစတည်းက လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ရွာတွေပါ။ အခုတော့ ပိုဆိုးသွားတာပေါ့။”
လမ်းမပွင့်သေးတဲ့ ကျေးရွာတွေကို လောင်းလုံးမြို့နယ် အခြေစိုက် ပရဟိတအဖွဲ့က ဦးဆောင်ပြီး တခြားဒေသတွေက လာရောက်ကူညီပေးတဲ့ လူမှုကူညီရေးအဖွဲ့တွေက လမ်းတွေဖောက်ဖို့ ကြိုးစား နေကြပေမဲ့ စက်ယန္တရား လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ အဲဒီကျေးရွာတွေကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့အတွက် အဆင်မပြေသေးပေမဲ့ စားနပ်ရိက္ခာ မပြတ်လပ်အောင် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ပိတ်မိနေတဲ့ကျေးရွာတွေဆီကိုတော့ အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ သောက်ရေတွေ ရောက်အောင် ရေကြောင်းကနေတဆင့် ပို့ဆောင်ပေးနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရေကြောင်းလမ်းကလည်း ရေအတက်အကျ အခြေအနေကို လိုက်ပြီး သွားရတဲ့အတွက် ကျေးရွာတွေကို ရိက္ခာ တခါပို့ရင် ၃ ရက်ကနေ ၄ ရက်အကြား အချိန်ပေးပြီး သွားရတယ်လို့ ဆိုပါတယ်။
ကျေးရွာတွေဆီကိုသွားမဲ့ လမ်းကြောင်းတွေ အဆင်ပြေသွားရင်တော့ သောက်သုံးရေ ပြန်လည် ရရှိအောင် ရေတွင်းတွေ ပြန်ဖော်ဆောင်တဲ့ လုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင် ပေးသွားမယ်လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
“ပြန်လည်ထူထောင်ရေး အပိုင်းကတော့ ကျနော် စဉ်းစားလို့မရသေးဘူး။ အခုလက်ရှိ လမ်းဖွင့်ပြီးတဲ့ ရွာတွေကို အလှူရှင်တွေကို လိုက်ပို့ပေးနေတယ်။ အဲ့တော့ သူတို့ စားဝတ်နေရေး အဆင်ပြေ နေတာပေါ့နော်။ ကျနော်တို့ ဇမ္ဗူသီရိ အနေနဲ့တော့ ဦးဆောင်ပြီးတော့ ပူးပေါင်းအဖွဲ့တွေက လမ်းလုပ်နေတယ်။ ရေအရင်းအမြစ်ရရှိရေးကို လုပ်နေတယ်။ သောက်ရေ သုံးရေ ရရှိရေး ရေတွင်း တွေ ဖော်နေတဲ့ဟာ ရှိတယ်။ ရေသန့်စက်တွေ ထိုင်ပေးနေတဲ့ဟာ ရှိတယ်။ အခု ဒီတနေ့ဆိုရင် လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက်ကို ဒီကနေ့ စပြီပေါ့နော်။”
သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ သူတို့ရဲ့ နေအိမ်တွေ ပျက်စီး သွားတဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ယာယီတဲတွေနဲ့ နေထိုင်နေရတဲ့အတွက် အလှူရှင်တွေ လာတဲ့အခါ အလှမ်းဝေးပြီး အကူအညီမရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီလို အခြေအနေတွေ မဖြစ်ရအောင် ကျေးရွာတွေမှာ စုရပ်တွေထားရှိပြီး တစုတစည်းတည်း နေထိုင်သင့်တယ်လို့လည်း ကယ်ဆယ်ရေးသမားတွေက အကြံပေးပါတယ်။
ထားဝယ်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်ကစပြီး လောင်းလုံးမြို့နယ် ကျောက်နီမော် ကျေးရွာမှာ တောင်ပြိုခဲ့ရာက စပြီး လောင်းလုံးတလျှောက်က ကျေးရွာတွေမှာ မြေပြိုမှုတွေ ဆက်တိုက် ဖြစ်ခဲ့တာပါ။
မြေပြိုမှုကြောင့် လောင်းလုံးမြို့နယ်ထဲက ကျေးရွာ ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး တံတားတွေနဲ့ ကားလမ်းတွေ ပျက်စီးခဲ့တာကြောင့် အဲဒီကျေးရွာတွေကို သွားလာလို့မရတော့တဲ့ အခြေအနေတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေကြီးမှုကြောင့် လူနေအိမ်၊ အဆောက်အအုံပေါင်း ၃၀၀ ဝန်းကျင်နဲ့ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုစာရင်းတွေက အခုထက် ပိုများလာနိုင်တယ်လို့ ထားဝယ်တပ်တော်က ထုတ်ပြန်ထားပါတယ်။
သီရိ











