
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရုတ်တရက် လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၁၆ ရက် မနက် ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာမှာ ရုတ်တရက် လေပြင်းတိုက်ခတ်ခဲ့တာကြောင့် သွပ်မိုး၊ ပျဉ်ကာ နေအိမ်တွေ အပါအဝင် ၅ လုံး အမိုးလန်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူက “လေပြင်းဒဏ်ကြောင့် သစ်ပင်ကြီးတွေ ကျိုးကျတာ၊ သစ်ပင်တွေရဲ့ အကိုင်းအခက်တွေက အိမ်ပေါ်ကျလို့ အိမ်တွေ အမိုးလန် ပျက်စီးသွားခဲ့ရတာဖြစ်တယ်” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိခဲ့ဘဲ ပျက်စီးဆုံးရှုံးမှု အခြေအနေကို စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ဓာတ်ပုံရိုက် စာရင်းယူသွားတယ်လို့ သိရပါတယ်။
လေပြင်းဒဏ်ကြောင့် အမိုးလန်ပျက်စီးနေတဲ့အိမ်တွေ၊ လဲကျနေတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပူးပေါင်းရှင်းလင်း လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၂ ရက်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးနဲ့ စေတီတဆူ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇူလိုင် ၁၁ ရက် ညကလည်း မုဒုံမြို့နယ်မှာ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ကန်ကြီးစေတီ အဝင်လမ်းအနီး သပြေပင်လဲကျကာ ကျပ်သိန်း ၆၀၀ ခန့် တန်ဖိုးရှိတဲ့ ထရန်စဖော်မာ ၁ လုံး ပျက်စီးခဲ့သလို သစ်ပင်ကြီးတွေနဲ့ လျှပ်စစ်ဓာတ်မီးတိုင်တွေ လဲပြိုခဲ့ပါတယ်။










