
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်အာဏာရှင်တပ်အတွက် စစ်မှုထမ်းခိုင်းဖို့ ရောင်းစားခံရတဲ့ စိတ်ကျန်းမာရေးမကောင်းသူ မောင်ဝေယံအောင်ကို အောက်တိုဘာ ၁၂ ရက်မှာ အုပ်ချုပ်ရေးအဖွဲ့က မိသားစုထံ ပြန်အပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၂၂ နှစ် အရွယ် မောင်ဝေယံအောင် စစ်မှုထမ်းထဲ ရောင်းစားခံရတဲ့ သတင်းဟာ လူမှုကွန်ရက်ပေါ်မှာ သတင်းပျံ့နှံ့ခဲ့ပြီးနောက် စစ်အာဏာရှင် လက်အောက်ခံ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က မိသားစုထံပြန်အပ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
"ပြန်အပ်တယ်ဆိုတာ သတင်းက လိုင်းပေါ် ပျံ့သွားတာရယ်၊ သူ့မိန်းမက တောက်လျှောက် လိုက်နေတာရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး အသစ်ပြောင်းလာတာရယ်ကြောင့် စိစစ်ပြီးပြန်အပ်တာပါ။
အရင် မြို့နယ်အုပ်ချုပ်ရေးမှူး နေရာပြောင်းရွေ့သွားလို့ အသစ်ရောက်လာတဲ့ အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က မုပွန်စစ်သားစုဆောင်းရေးတပ်ကနေ မောင်ဝေယံအောင်ကို ပြန်ခေါ်ပြီး မိသားစုထံ ပြန်အပ်ပေးခဲ့တာလို့ Non CDM ဝန်ထမ်းတယောက်က ပြောပါတယ်။
"ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားတဲ့ ကိစ္စတွေကြောင့်ပဲ အရင်မြို့နယ်အုပ်ချုပ်ရေးမှူး ပြောင်းသွားတာ အဲဒါကြောင့် စစ်တပ်နဲ့ အသစ်ရောက်လာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက အဲဒီကောင်လေးကို မိသားစုဆီ ပြန်ပို့တာ ပြန်မပို့ရင် မြားဦးက သူတို့ဘက် လှည့်လာမှာ။”
စက်တင်ဘာ ၄ ရက်က မော်လမြိုင်မြို့နယ် မြေနီကုန်းရပ်ကွက်မှာနေတဲ့ စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်ဝေယံအောင်ဟာ မိန်းမဖြစ်သူနဲ့ စိတ်ဆိုးကာ မိဘတွေရှိရာ ကြာအင်းဆိပ်ကြီးကို ပြန်သွားစဥ် ကျိုက္ခမီမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားက ရောင်းစားခဲ့ပြီး စစ်တပ်က စစ်မှုထမ်း အပတ်စဥ် ၂၉ ကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်းက ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ တောင်ဒဂုံမြိုနယ် ၇၀ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုဝင်းညွန့်ဦးကိုလည်း မိသားစုဝင်တွေက ဆေးမှတ်တမ်းတွေ ထောက်ခံစာတွေနဲ့ လိုက်ထုတ်နေပေမဲ့ အခုချိန်ထိ စစ်တပ်က ပြန်ထုတ်မပေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက ရန်ကုန်မှာ လူငယ် ၆ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တဲ့ အင်းစိန်နဲ့ လှိုင်သာယာအရှေပိုင်းမြို့နယ်မှာ အရန်မီးသတ်တပ်ခွဲမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် ၁၇ ယောက် ဖမ်းဆီးခံရပေမဲ့ စစ်တပ်ဘက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိပေ။
အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အကောင်အထည်ဖော်ခဲ့ပြီး မတ် ၂၄ ရက်ကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းခေါ်ယူခဲ့တာမှာ အခုဆို အပတ်စဥ် ၃၀ ထိရောက်ရှိလာပြီ ဖြစ်ပါတယ်။











