
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တို့မှာ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်တွေက လေပြင်းတိုက်ပြီး သစ်ပင်တွေပြိုလဲကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီမနက် ၇ နာရီလောက်က ပုသိမ်မြို့နယ်မှာ မိုးသည်းသည်းထန်ထန်ရွာပြီး လေပြင်းတိုက်ခတ်လို့ အမှတ် ၁ ရပ်ကွက်၊ တဲကြီးကုန်းလမ်း၊ ဘုရင်မထမင်းဆိုင်ရှေ့မှာ ပုသိမ်-ငွေဆောင်-ချောင်းသာ ကားလမ်းမကြီးပေါ်ကို လက်ပံပင်တပင် လဲကျခဲ့ပါတယ်။
မနေ့ည ၉ နာရီခွဲကျော်ကလည်း ရန်ကုန်တိုင်း ဒလမြို့နယ် ဝန်ထမ်းအိမ်ရာရပ်ကွက် နှင်းဆီအနောက်လမ်းမှာ သစ်ပင်လဲကျခဲ့တာကြောင့် ရှင်းလင်းပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့ကပဲ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မိုးသည်းသည်းထန်ထန်ရွာပြီး လေပြင်းတိုက်ခတ်လို့ မနက် ၇ နာရီလောက်က ကြက်စားပြင်ရပ်ကွက် ပေငါးဆယ်လမ်းမှာ သစ်ပင်လဲပြီး လမ်းပိတ်ဆို့ခဲ့သလို မွန်းလွဲ ၁ နာရီကျော်ကလည်း အာဇာနည်လမ်း၊ ထားဝယ်ဟိုတယ်ရှေ့လမ်းနဲ့ လေယာဉ်ကွင်းလမ်းတို့မှာ သစ်ပင်လဲကျပြီး လမ်းပိတ်ခဲ့ပါတယ်။
ထားဝယ်ဒေသမှာ စက်တင်ဘာ ၂၄ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့အပြားမှာ ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေ ဖြစ်ပွားပြီး ကျေးရွာပေါင်း ၄၀ နီးပါး ရေဘေးသင့်ကာ လူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNC) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းမှာလည်း မိုးသည်းသည်းထန်ထန်ရွာပြီး လေပြင်းတိုက်ခတ်လို့ မနေ့မနက် ၈ နာရီလောက်က သနပ်ပင်မြို့နယ် တာဝရေတံခါးရွာနဲ့ ကုန်းတန်းရွာတို့မှာ အိမ် ၁၁ လုံး အမိုးလန်ပျက်စီး၊ ဓာတ်တိုင်တတိုင် ကျိုးကျခဲ့သလို မနက် ၁၁ နာရီခွဲလောက်မှာတော့ ကဝမြို့နယ် အလယ်ရွာမှာ သစ်ပင်လဲကျပြီး နေအိမ်ပေါ် ပိမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။










