
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ စေတီ ၉ ဆူနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာက ဂူနှစ်လုံးကုန်းတော်ပေါ်မှာ တည်ထားပူဇော်ထားတဲ့ ဉာဏ်တော်အမြင့် ပေ ၃၀ ရှိ စေတီ ၁ ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း ၃ ကျေးရွာ၊ ရွှေဝါမြိုင်ဟိတဓရ တက္ကသီလာကျောင်းတိုက်က ဉာဏ်တော်အမြင့် ၆ ပေရှိ စေတီ ၈ ဆူ၊ စုစုပေါင်း စေတီ ၉ ဆူ ပြိုကျခဲ့ပြီး နေအိမ် ၆ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “မိုးတွေ အရမ်းရွာတော့ မြေသားတွေ ပြိုကျတာ။ စေတီတွေပါ ပြိုကျ မြေခကုန်တာ။ ဒီဘက်က တောင်ကုန်းတွေများတယ်။ မိုးများတယ်ဆို မြေပြိုကျတာ" လို့ ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာက ရွှေခဲအင်း ဘုန်းတော်ကြီးကျောင်းကို ကာရံထားတဲ့ အမြင့် ၆ ပေလောက်ရှိတဲ့ အုတ်နံရံခြံစည်းရိုး အရှည်ပေ ၁၃၈ ပေလည်း ပြိုကျပျက်စီးခဲ့ပါတယ်။
ဒေသခံတယောက်က "အိမ်တွေက အစုံပဲ။ အမိုးလန်တဲ့အိမ်တွေ များတယ်။ လူတွေ ထိခိုက်တာတော့ မရှိပါဘူး။ မိုးတွေရွာတော့ မြေသားတွေ အိအိပြီး ပြိုကျကုန်တာ" လို့ ပြောပါတယ်။
ဒက္ခိဏသီရိမြို့နယ်မှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းကနေ ၂၃ ရက် မနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။











