DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် စစ်တပ်၏အကြမ်းဖက်မှုကြောင့် ပြည်သူ ၆,၅၀၇ ဦးသေဆုံး၊ ၁၉,၃၇၈ ဦး ဖမ်းဆီးခံရဟု NLD ထုတ်ပြန်
DVB
·
August 25, 2026
Photo: NLD
Photo: NLD
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ပေါင်း ၁၉,၃၇၈ ယောက်ရှိပြီး စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ပြည်သူ ၆,၅၀၇ ယောက်သေဆုံးခဲ့တယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က  ဩဂုတ် ၂၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က ၂၀၂၁ ခုနှစ် ကနေ  ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ လက်လှမ်းမီသလောက် စုဆောင်းရရှိပြီး စိစစ် မှတ်တမ်းတင်ထားတဲ့  အချက်အလက်တွေကို NLDပါတီရဲ့ ဒုတိယ ဗဟိုကော်မတီ ကြားကာလ အစည်းအဝေးသို့ အစီရင်ခံစာတင်သွင်းရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုတွေကို စစ်အာဏာရှင်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း၊ မတရားဖမ်းဆီး၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို လုံလောက်တဲ့ ဆေးကုသမှုနဲ့ အခြေခံ အခွင့်အရေးတွေ မရရှိစေခြင်း၊ ကျေးရွာတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာနဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ယူဆောင်တာ စတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေတယ်လို့ NLD ကပြောပါတယ်။

အရပ်သားပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်ခတ်တာ၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးပေးခန်းတွေနဲ့ အရပ်သားခိုလှုံရာ နေရာတွေကို လေကြောင်းမှ တိုက်ခိုက်တာ စတဲ့ကျူးလွန်မှုတွေကြောင့် ပြည်သူ ၆,၅၀၇ ဦး သေဆုံးခဲ့ရပြီး ဒီအထဲက NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၈ ယောက်၊ ပါတီဝင် ၁၂၅ ယောက်၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၅၇၃ ယောက်နဲ့ အမျိုးသမီး ၁,၁၁၉ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ဥပဒေမဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခဲ့တာမှာ မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၁၉,၃၇၈  ယောက်ရှိပြီး ဒီအထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အယောက် ၁၅၀ ၊ ပါတီဝင် ၂,၇၄၄ ယောက် ၊ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၂၆၀ နဲ့ အမျိုးသမီး ၂,၇၃၅ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရုံးကို ၄ ကြိမ်၊ တိုင်းနဲ့ ပြည်နယ်ရုံးတွေကို ၁၅ ကြိမ်၊ ခရိုင်ရုံးတွေကို ၆ ကြိမ်၊ မြို့နယ်ရုံးတွေကို ၁၁၇ ကြိမ်၊ ရပ်ကျေးရုံးတွေကို ၂၈ ကြိမ် ဖျက်ဆီးခံခဲ့ရပြီး စုစုပေါင်း ၁၇၀ ကြိမ်ရှိပြီး NLD ပါတီဝင်တွေအပါအဝင်ပြည်သူ ၈၄၇ ယောက်ရဲ့ ပိုင်ဆိုင်မှုမတွေ ချိပ်ပိတ်ခံခဲ့ရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁,၀၃၁ ခု မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ စစ်ဆင်ရေးနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူ့ နေအိမ်နဲ့ အဆောက်အအုံ ပေါင်း ၇၇,၆၂၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ကြောင့် အဆောက်အအုံပေါင်း ၁၃,၂၇၉ ပျက်စီးခဲ့ရပြီး အပြစ်မဲ့ ပြည်သူ ၃,၅၄၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ အိုးအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်း အဆောက်အအုံပေါင်း ၄,၄၆၉ ခုပျက်စီးဆုံးရှုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၈၂၇ ကြိမ် ဖြစ်ပွားခဲ့ကာ ပြည်သူ ၁,၉၅၈ ယောက် သေဆုံးခဲ့ တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရပ်သားပြည်သူတွေရဲ့ အသက်၊ လုံခြုံမှုနဲ့ အခြေခံလူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အဆိုပါ လုပ်ရပ်တွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ အခြေခံမူတွေနဲ့ ဆန့်ကျင်နေကြောင်းနဲ့ အမှန်တရားဖော်ထုတ်ရေး၊ တရားမျှတမှု ရရှိရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ NLD က ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013