
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင် ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒနဲ့ မကင်းကွာဘဲ လက်တွေ့ကျတဲ့ နိုင်ငံရေးရလဒ်တွေ ဖော်ဆောင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေနဲ့ ကြားကာလအစိုးရ ၁၆ ခုတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၃ ရက်မှာ အာဆီယံခေါင်းဆောင်တွေဆီကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
စစ်အာဏာရှင် ခေါင်းဆောင်တွေနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမှုကိုမဆို အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှု ရှိ၊ မရှိအပေါ် အခြေခံကာ အကဲဖြတ်သင့်ပြီး အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေ မရှိဘဲ နိုင်ငံရေး တရားဝင်မှု ပေးအပ်သလို မဖြစ်သင့်ကြောင်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ ဦးတည်ချက်အပေါ် စိုးရိမ်မိကြောင်း၊ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ ပါ ရည်မှန်းချက်တွေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးတို့နဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းပါတယ်။
စစ်တပ်အာဏာသိမ်း ၅ နှစ်ကျော် ကြာလာတဲ့အချိန်မှာ စစ်အာဏာရှင်အုပ်စုကို အာဆီယံ ဒေသတွင်းနိုင်ငံတချို့က ထိတွေ့ဆံတာတွေ ပိုလုပ်နေသလို အမေရိကန်အစိုးရကလည်း တွေ့ဆုံတာတွေ လုပ်နေချိန်မှာ အခုလို NLD က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။











