
စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးထောင်ချခံထားရတဲ့ NLD အစိုးရရဲ့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၃ ရက်မှာ ထောင်က ပြန်လွှတ်ပေးလိုက်တယ်လို့ ဦးဇာနည်အောင်နဲ့ နီးစပ်တဲ့ မန္တလေးက နိုင်ငံရေးအသိုက်အဝန်းက အတည်ပြုပါတယ်။
“ဒီမနက်လွတ်လာပါပြီ” လို့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ဦးဇာနည်အောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး/စီမံ အက်ဥပဒေ ပုဒ်မ ၂၅/၃၀(က)၊ အဂတိ ပုဒ်မ ၅၅ တို့နဲ့ တရားစွဲ ထောင်ချထားတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလတည်းက ဦးဇာနည်အောင် အပါအဝင် မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် မန္တလေးတိုင်းအတွင်းက NLD ပါတီ တာဝန်ရှိသူတွကို ဖမ်းဆီးထောင်ချထားတာ ဖြစ်ပါတယ်။
ဦးဇာနည်အောင်နဲ့အတူ စစ်အုပ်စုက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေထဲက စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင်၊ ဝန်ကြီး ဒေါက်တာစိုးသန်းနဲ့ ဝန်ကြီး ဦးမျိုးသစ်တို့ကိုတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်က ပြန်လွှတ်ပေးခဲ့တာ တွေ့ရပါတယ်။











