DVB Logo
Home
Lead Story
ဒေါက်တာဇော်မြင့်မောင်၊ တရက်အလိုမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သူ 
မောင်တူး
·
October 10, 2026
ဒေါက်တာဇော်မြင့်မောင်၊ တရက်အလိုမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သူ 
Donate to DVB

ဆရာဝန်ဘဝ၊ စွန့်ခွာချ၍

ကြမ်းလှသည့်လမ်း၊ လျှောက်လှမ်းခဲ့သူ

စံမတူသည့်၊ ပြည်သူ့အတွက်

အသက်စွန့်သည်၊ အာဇာနည်ပါ

ဒေါက်တာဇော်မြင့်မောင်၊ ပြည်သူ့အောင်ပန်း

ကွယ်လွန်လွမ်းရစ်၊ ၂ နှစ် ၂ နွေ ကြာပါပြီ။ ။

ကျနော်တို့ရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမရပူရ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးထောင်မှာ ဆေးဝါးကုသခွင့် ကောင်းစွာ မရရှိခဲ့တာကြောင့် ကျဆုံးခဲ့ရတာ အောက်တိုဘာ ၇ ရက်မှာ ၂ နှစ်ပြည့်ပြီ။ စစ်အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရပြီး ထောင်တွင်းကျန်းမာရေး ကုသပေးမှု ညံ့ဖျင်းတာကြောင့် ကျဆုံးခဲ့ရတဲ့ NLD ခေါင်းဆောင်တွေထဲမှာ  သူလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

အသက် ၇၀ သွေးကင်ဆာသမားကို ထောင်ထဲမှာ စစ်တပ်က သတ်တာ

ထောင်တွင်းမှာ ညံ့ဖျင်းတဲ့ ဆေးဝါးကုသမှုကြောင့် မသေသင့်ပဲ သေခဲ့တာလို့ မန္တလေးက နွေဦးတော်လှန်ရေး ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက RFA သတင်းဌာနကို ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့နေ့ကပဲ ပြောခဲ့တာပါ။

"ဒီလိုပုဂ္ဂိုလ်ကြီးတယောက်၊ ဒီလို ကင်ဆာဝေဒနာသည်တယောက်ကို အတင်းအဓမ္မ ဖမ်းဆီးတယ်။ ပုဒ်ထီး၊ ပုဒ်မမျိုးစုံနဲ့ နှစ်ရှည် ထောင်ဒဏ်တွေချတယ်။ ထောင်တွင်းမှာလည်း နေရေးထိုင်ရေးကအစဗျာ၊ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဆိုးဆုံးကဗျာ ကျန်းမာရေးမကောင်းတဲ့ ဆရာဇော်၊ အသက် ၇၀ ရှိတဲ့ ဆရာဇော်ကို လုံလောက်တဲ့ ဆေးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံး၀မပေးခဲ့ဘူး။ အခု ဒါပြောရရင် ဆရာဇော့်ကို စစ်အာဏာရှင်က သတ်လိုက်တာပဲဗျ။ စစ်အာဏာရူးတွေကြောင့် အချိန်မတိုင်ခင်မှာ မဆုံးပါးသင့်လည်း ဆုံးပါးတယ်လို့ ခံယူပါတယ်" လို့ ဒေါက်တာတေဇာစန်းက ပြောခဲ့တယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၂၄ အောက်တိုဘာ ၇ ရက်မနက် ၃ နာရီမှာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်၊ တောင်အင်းမြောက်အင်းသုသာန်ကို ပို့ဆောင် သင်္ဂြိုဟ်တဲ့အခါမှာလည်း မန္တလေးသူ မန္တလေးသားတွေက လမ်းပေါ်မှာပဲ အလေးပြုကြပါတယ်။ ထိုင်ကန်တော့ခဲ့ကြပြီး နောက်ဆုံးဂါရဝ သူတို့ရဲ့ အာဇာနည်ကြီး သူရဲကောင်းကြီးကို ဂုဏ်ပြုခဲ့ကြတာပါ။ 

ဒေါက်တာ ဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ - ၅၀၅ (ခ)၊ သဘာ၀ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ပုဒ်မ၊ အဂတိလိုက်စားမှု ဥပဒေပုဒ်မတို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင် ၂၉ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲမှာ ရောဂါပိုဆိုးလာတာကြောင့် မန္တလေးဆေးရုံကြီးကို ပြောင်းရွှေ့ပြီး ဆေးကုသမှု ခံရယူခဲ့စဉ် ကွယ်လွန်သွားတာပါ။ ဒေါက်တာ ဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ်မှာ မန္တလေးမြို့မှာပဲ မွေးဖွားခဲ့ပါတယ်။ မန္တလေးမြို့ စိန့်ပီတာကျောင်းမှာ အထက်တန်းအောင်မြင်ခဲ့သလို ၁၉၇၉ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မန္တလေးတက္ကသိုလ်မှာ ဇီဝဓာတု ရုပ်ပြဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ 

သုံးထပ်ကွမ်း NLD အမတ်

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ပါဝင်ခဲ့သလို NLD ပါတီ ဖွဲ့စည်းချိန်မှာလည်း ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မန္တလေးတိုင်း အမရပူရ မဲဆန္ဒနယ် လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ နဝတအစိုးရက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့ဘဲ နိုင်ငံရေးသမားအများအပြားကို ဖမ်းဆီးခဲ့ချိန် ဒေါက်တာ ဇော်မြင့်မောင်လည်း အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် ထောင် ၂၅ နှစ်ချမှတ်ခံရပြီး ၂၀၀၉ ခုနှစ်မှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အမရပူရမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။ 

မန္တလေးမြို့ လူထုအတွက် ဆုံးရှုံးမှုကြီး

သူဟာ မန္တလေးမြို့အတွက် စွမ်းနိုင်သမျှ လုပ်ခဲ့သူဖြစ်ပြီး သူကွယ်လွန်သွားတာ မန္တလေးမြို့လူထုအတွက် အကြီးမားဆုံး ဆူံရှုံးမှုဖြစ်တယ်လို့ ဆိုကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဦးဉာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့လို ပါတီအမာခံ ခေါင်းဆောင်တွေ ကွယ်လွန်ခဲ့ရပါတယ်။

ကွယ်လွန်ခါနီး တရက်လိုမှ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သူ

စစ်ကောင်စီကတော့ သူ မကွယ်လွန်ခင် အချိန်ပိုင်းမှပဲ လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကျွင်းကျန် ရုပ်ကလပ်ကို မိဘအိမ်ပြန်သယ်ပြီး သင်္ဂြိုဟ်ခွင့် ရခဲ့ပေမဲ့ သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကတော့ ဒီလုပ်ရပ်အတွက် မကျေနပ်ကြပါဘူး။ နှစ်ပေါင်းများစွာ ကြီးမားတဲ့ သွေးကင်ဆာ ‌ရောဂါကြီးကို လုံလောက်တဲ့ ဆေးကုသမှုမပေးခဲ့သလို သေဆုံးချိန်နီးမှ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဟာ စစ်မှန်တဲ့ သနားကြင်နာမှုမဟုတ်ဘူးလို့လည်း မန္တလေးသားတွေက ပြောဆိုခဲ့ကြတာပါ။

မကွယ်လွန်မီ တရက်မှာမှ စစ်တပ်ဩဇာခံ အကျဉ်းဦးစီးဌာနက လူမှုရေးအရ ငဲ့ညှာ ထောက်ထားပြီး နိုင်ငံတော်၏ မေတ္တာစေတနာကို နားလည်ရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ စာလာရောက်ဖတ်သွားတာကို ရောဂါသည်းနေပြီဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင် သိသွားပုံမရပါဘူး။ ဒီကနေ့ အာဏာသိမ်း စစ်တပ်က ပြောနေသလို တွေ့ဆုံဆွေးနွေး နိုင်ငံရေးနဲ့ ဖြေရှင်းချင်ရင် ဒေါက်တာဇော်ကို ခပ်စောစောကပဲထောင်ကလွှတ်ပေး၊ ဆေးကုသခွင့် ပေးပြီး သဘောထားကြီးသင့်ပါတယ်။ သွေးကင်ဆာဖြစ်နေတဲ့ အသက် ၇၀ ကျော်လူမမာကြီးက စစ်တပ်ကို ဘာမှ အန္တရာယ် ပေးနိုင်မှာ မဟုတ်ပါ။ အလားတူ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ မထားရပါ။ ပြည်သူ့ခေါင်းဆောင်ကို ထောင်သွင်း အကျဉ်းချထားပြီး ငြိမ်းချမ်းရေးစကား ပြောလို့မရပါ။ 

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်

“မြန်မာနိုင်ငံကို ကယ်တင်နိုင်တာ 

ဒေါ်အောင်ဆန်းစုကြည်က လွဲပြီး ဘယ်သူမှ မရှိဘူး။ 

သူ့နောက် ဖဝါးထပ်ချပ်မကွာ လိုက်ဖို့ လိုတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ပြည်သူအားလုံး 

တညီတညွတ်တည်း ရပ်တည်နေတယ်ဆိုတာ 

စုပေါင်းအင်အား ပြသကြဖို့ လိုပါတယ်။”

(ဒေါက်တာဇော်မြင့်မောင်)

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း မတရား ဖမ်းဆီးခံနေရပြီး လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးနေတာမို့ သူကွယ်လွန်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ပြုစကားကို မကြားရသေးပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရှိရင်တော့ ရဲရဲတောက် ဂုဏ်ပြုစကားပြောမှာ သေချာပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အတုယူ လေးစားကြောင်း မကြာခဏ ပြောခဲ့ဖူးပါတယ်။ ဂုဏ်ပြု ကဗျာတပုဒ်တောင် စပ်ဆိုထားခဲ့တာပါ။ ဒီလှိုင်းစာစောင်မှာ ဖော်ပြထားခဲ့တဲ့ "အညာသား " ကလောင်အမည်နဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကဗျာလေးကို ၂ နှစ်မြောက်မှာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

ခေါင်းဆောင်နှင့်အတူ

ဟိုပွဲတက် ဒီပွဲတက်

မိုးတလုံး လေတလုံး

အဲယားဗုံးတွေကြဲ

အတ္တတွေကဲနေတဲ့ အပြောမျိုး မပြောတဲ့

ငါတို့ရဲ့ခေါင်းဆောင်။

ဟိုနေရာသွား ဒီနေရာသွား

မျက်နှာလို အားရနဲ့

ကိုယ်ကျိုးစီးပွား ရှေ့တန်းထားလို့

ဘယ်တော့မှ မပြောကြားတတ်တဲ့

ငါတို့ရဲ့ခေါင်းဆောင်။

နိုင်ငံ့အရေးကြုံတော့

ဘယ်သူ့အပေါ်မှ ပုံမချဘူး

တာဝန်ယူမှု အပြည့်နဲ့

မြန်မာ့ဂုဏ်ရည်မြှင့်ဖို့

ကမ္ဘာမြေ စင်မြင့်တက်မဲ့

ငါတို့ရင်ထဲကခေါင်းဆောင်

ခွပ်ဒေါင်းတို့ရဲ့ မိခင်

ငြိမ်းချမ်းရေးရဲ့ အရှင်။

အို မိခင် , , သင်နဲ့အတူ

စစ်ပွဲတွေကို မုန်းနေတဲ့ ပြည်သူတွေ ရှိတယ်

ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူရှိတယ်

ပြည်သူတွေ ... ခွပ်ဒေါင်းတွေ ... ရှိတယ်။ ။

 (အညာသား)

"အညာသား" သည် ဒေါက်တာဇော်မြင့်မောင်ရဲ့ ကလောင်နာမည် ဖြစ်တယ်။

 

ဒေါက်တာဇော်အတွက် ၂ နှစ်ပြည့် ကဗျာ

အထက်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒေါက်တာဇော်ရဲ့ကဗျာကို ပြန်လည် ဖော်ပြပြီးပြီ။ အောက်မှာလည်း ကဗျာဆရာသင့်သူရဲ့ ဒေါက်တာဇော်အတွက် ကဗျာကို ဖော်ပြပါဦးမယ်။ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်း အင်းစိန်ထောင်တွင်း ကျဆုံးတော့ ကဗျာဆရာကြီး ဦးတင်မိုးက "လွမ်းလေသမျှ ပန်းခွေချလို့ ဂုဏ်ပြုကြလိမ့်တကား" လို့ စပ်ဆိုဂုဏ်ပြုခဲ့တယ်။ ရန်ကြီးအောင် ဦးစိန်ဝင်း အင်းစိန်ထောင်တွင်း ကျဆုံးတော့လည်း ဆရာကြီး တင်မိုးကပဲ "သူရဲကောင်း ကျောက်တိုင်" ဆိုပြီး ဂုဏ်ပြုစပ်ဆိုခဲ့ပါတယ်။ အလားတူပဲ ဒေါက်တာဇော် မန္တလေးထောင်မှာ ကျဆုံးတော့ "ဆရာသင့်သူ" က မန္တလေးမြို့ကြီးငြိမ် ဂုဏ်ပြုကြမယ်လို့ ကဗျာစပ်ဆိုဂုဏ်ပြုခဲ့တာပါ။ ဒီကဗျာကိုပဲ ၂ နှစ်ပြည့်အတွက် ဖော်ပြလိုက်ပါတယ်။ 

“အားလုံးငြိမ်”

ဦပိန်ကော ဂေါ်ဝိန် ကော

စိန်ပန်းဘက် ကော 

ကျွဲဆည်ကန်ကနေစပြီး

ရေတံခွန်တောင် ခြေထိ 

အားလုံးငြိမ်။

ကုသိုလ်တော်ဘုရားဝင်း

သုဓမ္မာဇရပ်တန်း အားလုံးငြိမ်။

တောင်သမန်ဘေးက မယ်ဇယ်ပင်တွေလည်းငြိမ်

ကျုံးဘေးက သပြေဘူတတွေလည်းငြိမ်

မန်းလေးတောင်ကြီးလည်း ဆိတ်ဆိတ်ငြိမ်။

မန်းလေးကို ချစ်တဲ့ မန်းလေးသားတယောက်

မန်းလေးကို ပြောင်းလဲခဲ့သူ မန်းလေးသားတယောက်

အေးအေးငြိမ်းငြိမ်းထွက်သွားပြီ။

မန်းလေးဟာ ခေါင်းဆောင်ကောင်းကို ဆုံးရှုံးလို့

နိုင်ငံဟာ နိုင်ငံ့သားကောင်းတယောက်ကို ဆုံးရှုံးလို့

ငါတို့မှာ စွန့်ဦးတီထွင် သူရဲကောင်းနိုင်ငံရေးသမားတယောက်ကို ဆုံးရှုံးလို့။

ဆိုင်ကယ်ကလေးနဲ့ ကျုံးကိုပတ် 

မြို့ရဲ့လိုအပ်ချက်တွေကြည့်တတ်သူလို့

ချစ်တဲ့သူတွေကို လက်ပြလို့

သူ့အရိပ်တွေဟာ မန်းလေးမှာ လှိုက်လှိုက်ပြီးကျန်လို့။

ဘုရားကြီးဘက်ရောက်ရင် သူ့အတွက်

ကုသိုလ်ပြုပေးကြပါ။

ငါတို့သူရဲကောင်းဟာ မန်းလေးကိုသိပ်ချစ်ရှာတာ

မန်းသူမန်းသာတွေပို့တဲ့မေတ္တာကို သူလက်ခံယူဖို့အမြဲအသင့်ပြင်ဆင်ထားမှာ။

မနက်မလင်းခင် အစောကြီးထထွက်သွားတာ

အစောကြီးလမ်းထလျှောက်တတ်သူဟာ 

အစောကြီး မနက် ၃ နာရီကြီးထွက်သွားတာတဲ့

မန်းလေးဟာ ကြိုဖို့စောင့်နေခဲ့ပေမဲ့

ငိုလို့ရောက်လာတဲ့ နေ့ကြီးဖြစ်နေတယ်။

ရေနီမြောင်းလည်းငြိမ်

ကျောက်စာရုံလည်းငြိမ်

ဒီနေ့တော့ အားလုံးငြိမ်ပါ။

ဒီနေ့ကိုမမေ့ပစ်ကြနဲ့

မန်းလေးကိုပြန်ရမှ

ငါတို့

မန်းလေးကိုပြန်ရမှရမယ်။

အလေးပြုမယ် အားလုံးငြိမ်။

ဒီနေ့ မန်းလေးကျုံးကြီးတခြမ်း

ပြိုကျသံအပြီးမှာ

တနိုင်ငံလုံးဆိတ်ဆိတ်ငြိမ်ပေးကြ ။ ။        

သင့်သူ

 

ဒေါက်ဇော်ရေးတဲ့ကဗျာ....နောက်တပုဒ်

ဒေါက်တာဇော်မြင့်မောင်ကို ဒေါက်တာဇော်လို့ ခေါ်ကြသလို ဒေါက်ဇော်လို့လည်း ခေါ်ကြပါတယ်။ အပေါ်က ကဗျာမှာ "အညာသား" ကလောင်အမည်နဲ့ ရေးခဲ့သလို အောက်က ကဗျာမှာတော့ "ဒေါက်ဇော် (အမရ) " ကလောင်နဲ့ ရေးထားပါတယ်။ အောက်က ကဗျာဟာ ၂၀၁၅ NLD မဲနိုင်အပြီး အစိုးရ လွှဲပြောင်းခါနီးက ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ ကျဆုံးသွားခဲ့သူတွေအတွက် ဒေါက်ဇော် ရေးခဲ့တဲ့ ကဗျာပါ။ 

 

" မြင်စေချင်စမ်းပါဘိ "

မျှော်လင့်ခဲ့ကြ ရတယ်၊

ရုန်းကန်ခဲ့ကြ ရတယ်၊

ခွဲခွာခဲ့ကြ ရတယ်၊

လွမ်းဆွတ်ခဲ့ကြ ရတယ်၊

တမ်းတခဲ့ကြ ရတယ်၊

အိမ်မက် မဟုတ်တဲ့

သွေးစက်များရဲ့ သမိုင်း--

အခု ငါတို့

ဖြည့်ဆည်းရတော့မယ်။

လွမ်းစရာတွေကို

ပေးဆပ်တာတွေနဲ့ ပြေမယ်၊

ရုန်းကန်ခဲ့ရတာတွေကို

အားမာန်တွေနဲ့ ပြေမယ်၊

ခွဲခွာခဲ့ရတာတွေကို

လက်တွဲတာနဲ့ ပြေမယ်၊

တမ်းတခဲ့ရတာတွေကို 

ဒီမိုကရေစီပန်းနဲ့ ပြေမယ်၊

ပြည်ထောင်စုပန်းနဲ့ ဝေမယ်။

ရဲဘော်တို့ရေ ...

ဒီမိုကရေစီရှင်သန်ရာ

လွှတ်တော်မြေမဟီမှာ

အိုးဝေတွန်သံဝေစီဖို့

ပြည်သစ်တည်တာကို

အဘဝတီနဲ့ မင်းတို့

မြင်စမ်း စေချင်တယ်။ ။

ဒေါက်ဇော် (အမရ)

၁၅ မတ် ၂၀၁၆

(အဘဝတီ = ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်)

 

ဒေါက်ဇော် ကွယ်လွန်ခြင်း ၂ နှစ်မြောက်

၂ နှစ်မြောက်မှာ ဒေါက်ဇော် အမှတ်တရလေးတွေ ပြန်သတိရတယ်။ ၉၀ ရွေးကောက်ပွဲအပြီးကာလ ဒေါက်ဇော်အကျဉ်းကျနေချိန် ပါရမီဖြည့်ဖက် ဇနီး ဒေါက်တာဒေါ်ယုယုမေက DVB နဲ့ အင်တာဗျူးတယ်။ အဲ့သည်တုန်းက ဒေါက်ဇော်က ဆရာဝန်ဘဝကို စွန့်ပြီး ပြည်သူ့တော်လှန်ရေးကို စလုပ်မယ့်အကြောင်း ဇနီးကို ခွင့်ပန်သတဲ့။ 

ငါ့မိသားစုကို စတေးပြီး

ငါနိုင်ငံရေး စလုပ်တော့မယ်။

ငါ့ကို ခွင့်ပြုပါ" တဲ့. . . 

DVB ရေဒီယို အင်တာဗျူးခေတ်က ကြားခဲ့ရဖူးတာပါ။ အခုတော့ သူ့စကားအတိုင်း သူလုပ်သွားတာ ၂ နှစ်ပြည့်ပြီ။ သူ့မိသားစုတွေရဲ့ ဘဝတွေတင်မက သူ့အသက်ကိုပါ မြန်မာ့ဒီမိုကရေစီအရေးအတွက် စတေးသွားခဲ့တာ ၂ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ သူလိုလားခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ၊ မြန်မာ့ငြိမ်းချမ်းရေး၊ ပြည်သူ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကတော့ ဖြစ်မလာသေးပါဘူး။ သူ့ကို လေးစားရင်၊ သူ့ကို ဂုဏ်ပြုချင်တယ်ဆိုရင်တော့ ဒီနေ့ ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ပြီး စစ်အာဏာရှင်တွေကို အပြတ်ရှင်းနိုင်မှသာ ပြည်သူ့ရည်မှန်းချက် ပြည့်ဝမှာပါ။ ဒေါက်တာဇော်မြင့်မောင်ရဲ့ လိုလားချက်တွေလည်း အောင်မြင်မှာဖြစ်ပါတယ်။ ။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013