
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ မြေသိမ်းခံရတာကို ကန့်ကွက်တဲ့ ဒေသခံ ၁၂ ယောက်ကို ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ စစ်ကောင်စီ လက်အောက်ခံတွေက ဖမ်းဆီးပြီး ဟိုပုံးရဲစခန်းမှာ အစားအသောက် ကောင်းကောင်းမကျွေးဘဲ ပိတ်လှောင်ခံထားကာ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဟိုပုံးမြို့နယ်၊ ညောင်ဗက်ရွာမှာ ဒေသခံတောင်သူတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီ လက်အောက်ခံတွေက အဓမ္မသိမ်းယူနေတဲ့အတွက် ရွာသားတွေက ကန့်ကွက်ခဲ့လို့ မတ် ၃၀ ရက် ညမှာ ညောင်ဗက်ရွာသူကြီး အပါအဝင် ရွာသား ၁၂ ယောက်ကို အိမ်တံခါးတွေ ဖျက်ဆီးပြီး ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ညောင်ဗက်ရွာခံတယောက်က “PNOက ပြည်သူ့စစ်လို့သာပြောတာ၊ ရွာသားတွေကို ပြန်မကြည့်ဘူး၊ ပြန်လုပ်တယ်ပေါ့နော်။ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့က ကိုယ့်အိမ် ကိုယ့်ယာနဲ့ဘဲ ပြန်နေချင်တာပါ။ ဒီလိုသိမ်းတာကျတော့ ကျမတို့အတွက် မတရားဘူးပေါ့ရှင်" လို့ ပြောပါတယ်။
မတ် ၃၀ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ၊ ထွေအုပ်အရာရှိတွေနဲ့ PNO ဘက်က မြေပွဲစားတွေ ပါဝင်တဲ့အဖွဲ့က ဘူဒိုဇာတွေသုံးပြီး နေအိမ်တွေနဲ့ စိုက်ပျိုးမြေတွေကို ဖျက်ဖို့လာခဲ့ကြတဲ့အတွက် ဒေသခံတွေက ဝိုင်းဝန်းတားဆီးခဲ့ပြီးနောက် ညဘက်မှာ ခြေထောက်နဲ့ကန်တာ၊ လက်သီးနဲ့ထိုးတာ၊ သေနတ်ဒင်နဲ့ထုတာ စတဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်ပြီး ဝင်ဖမ်းတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အိမ်ခြေ ၂၇၀ ရှိတဲ့ ညောင်ဗက်ရွာက ဒေသခံတွေဟာ ထပ်မံဖမ်းဆီးခံရမှာကို ကြောက်ပြီး အိမ်မှာမနေရဲဘဲ တိမ်းရှောင်နေကြရပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ဒုဥက္ကဋ္ဌ ခွန်ဦးကတော့ ဒါဟာ လက်နက်အားကိုးပြီး အာဏာလွဲသုံးစားလုပ်တာလို့ ဝေဖန်ပါတယ်။
“ပြည်သူလူထုက ဒီမြေအပေါ်မှာဘဲ အသက်မွေးဝမ်းကျောင်းပြုကြတယ်။ သူတို့ရဲ့အနာဂတ်လည်း ဒီမြေပေါ်မှာပဲ ရှိတယ်။ ဒါက သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ ဓလေ့ကို လက်နက်အားကိုးပြီး အာဏာကို အလွဲသုံးချ အနိုင်ကျင့်တာလို့ပဲ သုံးသပ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို လူထုအနေနဲ့ စည်းစည်းရုံးရုံးနဲ့ တော်လှန်သွားဖို့ လိုတယ်။”
ဒီမြေယာပြဿနာဟာ မနေ့တနေ့ကမှ ဖြစ်တာမဟုတ်ပါဘူး။ ၁၉၉၂ ခုနှစ်တုန်းက စစ်တပ်ကနေ ဟိုပုံး-လွိုင်လင် လမ်းဘေးက မြေဧက ၁၄,၀၀၀ ကျော်ကို အရင်သိမ်းခဲ့တာပါ။ အဲဒီနောက် ၂၀၁၅ မှာတော့ PNO ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲမှုအောက်ကို လွှဲပေးခဲ့ပြီးနောက် PNO နဲ့ နီးစပ်တဲ့ မြေပွဲစားတွေက ဒီမြေတွေကို ပြန်ဝယ်ကာ ဒေသခံတွေကို “ကျူးကျော်” ဆိုပြီး မောင်းထုတ်နေတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး PNO ပြည်သူ့စစ်ဘက်ကို DVB က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။










