ခုခံစစ် ပူးပေါင်းဆင်နွှဲရန် CPU/CPA နှင့် CDF သဘောတူ

ချင်းပြည်နယ် လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ကို နည်းလမ်းပေါင်းစုံနဲ့ အတူတကွ လက်တွဲပူးပေါင်းဆင်နွှဲသွားဖို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တွေ (CDF) သဘောတူလိုက်ကြတယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ချင်းပြည်နယ်အတွင်း ပြုလုပ်ခဲ့တဲ့ နှစ်ဖက်ခေါင်းဆောင်တွေနဲ့ စစ်ဘက်တပ်မှူးကြီး အယောက် ၄၀ တက်ရောက်တဲ့ တွေ့ဆုံပွဲမှာ အခုလို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ တော်လှန်ရေး ၆ နှစ်တာအတွင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ညှိနှိုင်းပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့သလို ချင်းလက်နက်ကိုင်အဖွဲ့တွေ စုစည်းညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးတို့ကို တခြားမဟာမိတ်တွေနဲ့အတူ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ စုစည်းညီညွတ်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အမျိုးသားတန်းတူရေး အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်များကို တခြား တော်လှန်ရေးမဟာမိတ်များနဲ့အတူ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











