
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်ကို ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်တပ်ကို ချင်းတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ အသေအပျောက်များ တပ်လန်ပြီး နောက်ဆုတ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်အာဏာရှင်ရဲ့ တပ်တွေကို အသာစီးယူတိုက်ခိုက်ပြီး တပ်သားရာချီကို ရှင်းလင်းထားသလို လက်နက်တွေလည်း သိမ်းဆည်းရမိထားတယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်က ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မေလလယ်ပိုင်းကတည်းက ချင်းပြည်တောင်ပိုင်းကိုထိုးစစ်ဆင်ဖို့ စစ်တပ်က မကွေးတိုင်း၊ ဆောနယ်နဲ့ ပေါက်မြို့နယ်တွေကနေတဆင့် ထောင်ချီတဲ့အင်အားတွေဖြည့်တင်းခဲ့တာပါ။
တိုက်ပွဲဖြစ်နေချိန်မှာ လေကြောင်းကနေ လက်နက်၊ ရိက္ခာ၊ တပ်သားထောက်ပို့တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက အသာစီးယူခုခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်သူ့တပ်မတော် (CPA) မှ ဆလိုင်းယောမန်က “တိုက်ပွဲကတော့ အခုထိလည်း ဖြစ်နေဆဲပါ။ စစ်တပ်တွေ မင်းတပ်မြို့နားရော ကန်ပက်လက်မြို့နားရော တော်တော်နီးနီးကပ်ကပ် လာခဲ့ကြတဲ့ အခြေအနေရှိပါတယ်။ အခုတော့ တပ်လန်သွားတယ်၊ နောက်ဆုတ်သွားတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်နေဆဲပါ။ လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့တိုင်း နေ့တိုင်းပဲ။ တချို့ရက်တွေဆိုရင် တရက်တည်းကိုပဲ ဗုံးအလုံးရေ ၉၀-၁၀၀ ကျော်ပေ့ါ၊ ဗုံးမကြဲတဲ့ နေ့ရက်တော့ မရှိဘူးလို့ ပြောရမယ်။ သူတို့ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရ အကုန်လုံး ပေါင်းလိုက်မယ် ဆိုရင်တော့ ၂၀၀ ကျော်တော့ရှိမယ်ခင်ဗျ။ သူတို့ထိုးစစ်ကလည်း မေလ ၁၆ ရက်နေ့မှာ ကန်ပက်လက်ဘက်မှာ စတာပေါ့။ ဆောကနေ ကန်ပက်လက်ကို တက်လာတယ်၊ ကန်ပက်လက်ဘက်မှာလည်း တိုက်ပွဲတွေ တောက်လျှောက် ဒီနေ့အထိ ဖြစ်နေဆဲပါပဲ။ ဒီ မင်းတပ်ဘက်ကိုကျတော့ သူတို့ မေ ၂၉ မှ စပါတယ်။ ဒီနေ့အထိပါပဲ၊ တောက်လျှောက် တိုက်ပွဲဖြစ်ပါတယ်။ အင်အားကတော့ သူတို့ ထိုးစစ်သက်သက်မှာကို ထောင်ဂဏန်းနဲ့ ထိုးစစ်ဆင်လာပါတယ်။ နယ်မြေတွေ ပြန်စိုးမိုးချင်တာပေါ့ ပြန်လိုချင်တာပေါ့နော်။ တမူးဘက်ကကျတော့ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ့။ ချင်းပြည်မြောက်ပိုင်းကိုလည်း သူတို့ ပြန်လည်စိုးမိုးမှုတွေ လုပ်နိုင်တဲ့အတွက်ကြောင့် ချင်းပြည်တောင်ပိုင်းရော၊ ပြီးတော့မှ ဒီအိန္ဒိယနယ်စပ်က ကလေး-တမူးဘက်ကိုရော ရယူဖို့ ပြန်ကြိုးစားလာတာလို့ မြင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
စစ်တပ်က ချင်းပြည်တောင်ပိုင်း မတူပီဗျူဟာနဲ့ ချင်းပြည်မြောက်ပိုင်း ဟားခါးဗျူဟာ ၂ ခုစလုံးကို တပြိုင်တည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ချင်းပြည်တောင်ပိုင်းဘက်မှာ အခြေမလှ ဖြစ်နေတာပါ။
ချင်းပြည်မြောက်ပိုင်း ဆက်စပ်နယ်မြေ ကလေး-တမူး ကုန်သွယ်ရေးလမ်းကိုလည်း ဇွန်လဆန်းကတည်းက အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အချိန် ၁ လ နီးပါးကြာတဲ့အထိ အပြီးသတ်မထိန်းချုပ်နိုင်ခဲ့ပါဘူး။
ကလေး-တမူးလမ်းပိုင်းဟာ စုစုပေါင်း ၈၃ မိုင်ဝန်းကျင် ကွာဝေးပြီး ပုံမှန်ကားမောင်းချိန် ၄ နာရီဝန်းကျင်သာရှိတဲ့ လမ်းပိုင်း ဖြစ်ပါတယ်။ ဇွန်လလယ်ပိုင်းမှာ ကလေး-ခါမ်းပါတ် လမ်းပိုင်းဘက်ခြမ်းကို စစ်ကောင်စီက ထိန်းချုပ်ခဲ့ပြီး လမ်းပိုင်းအလယ်မှာရှိတဲ့ ခါမ်းပါတ်မြို့ကို ဇွန် ၂၂ ရက်နေ့မှာ ထိန်းချုပ်ခဲ့ပါတယ်။ တမူး-ခါမ်းပတ်လမ်းပိုင်းဘက်အခြမ်း ဝိတုတ်ရွာအနီးမှာတော့ စစ်ရေးဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။
ကလေးဒေသခံ တယောက်က “လက်ရှိအခြေအနေအထိတော့ ကလေး-ရာဇဂြိုဟ်လမ်းပိုင်းကတော့ အသွားအလာနည်းပါးပြီးတော့ အေးအေးဆေးဆေး အခြေအနေ ရှိပါတယ်။ ရာဇဂြိုဟ်ကနေ ခါမ်းပါတ်ဘက်ကတော့ သိပ်ပြီးတော့ ပစ်ခတ်သံတွေတော့ မကြားရတော့ဘူး။ နှစ်ဖက် သူ့ဟာနဲ့သူပဲ ကိုယ့်အခြေအနေ ကိုယ်ကြည့်ပြီးနေကြတဲ့သဘောတော့ ရှိတယ်။ ခါမ်းပါတ်ကတော့ မြို့ထဲမှာတော့ သူတို့နေရာယူထားပြီးသား ဖြစ်နေတယ်ပေါ့လေ၊ အဲဒီလောက်ပဲ သိရပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “ကလေး-ကဘော်ချိုင့်ဝှမ်းက အကြမ်းဖက်စစ်တပ်အနေနဲ့ သိမ်းမယ်ဆိုရင်တောင် ထိန်းဖို့ခက်ခဲတဲ့နေရာလို့ ကျနော်တို့က ယူဆတယ်။ ကလေး-တမူးလမ်းပိုင်းက အိန္ဒိယ-မြန်မာ နယ်စပ်စည်းနဲ့ ကပ်ကပ်လေး အပြိုင်ဖောက်ထားတဲ့လမ်းလို့ ပြောလို့ရတယ်။ တချို့နေရာတွေမှာ နယ်စပ်မျဉ်းနဲ့ ဘေးချင်းယှဉ်လျက် ကတ္တရာလမ်းက ဖောက်ထားတာ၊ တချို့နေရာတွေမှာ ၁ ဖာလုံ၊ ၂ ဖာလုံလောက်ပဲ နယ်စပ်မျဉ်းနဲ့ ဝေးတာပေါ့၊ အဲဒီဒေသက နယ်စပ်လည်း ဖြစ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အခြေစိုက်တဲ့ဒေသလည်း ဖြစ်တယ်။ ချင်းလက်နက်ကိုင်အင်အားစုတွေလည်း ရှိတယ်၊ ကူကီးလက်နက်ကိုင်အင်အားစုတွေလည်း ရှိတယ်၊ PDF တွေလည်း အများကြီးရှိတာကိုး၊ ကဘော်ချိုင့်ဝှမ်းကျဉ်းကျဉ်းလေးမှာ လက်နက်ကိုင်အင်အားစုတွေ အများကြီး ရှိတယ်။ လူမျိုးစုလက်နက်ကိုင် ဆိုတဲ့နေရာမှာ အဲဒီလူမျိုးစုတွေက အိန္ဒိယဘက်မှာလည်း ရှိတယ်၊ မြန်မာဘက်မှာလည်း ရှိတယ်။ ဒီလိုအခြေအနေမျိုးနဲ့ နေထိုင်ကြတဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေ ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်တပ်က ဒီလိုနေရာမျိုးမှာ ဘယ်လောက်အထိ တည်ငြိမ်အောင်ထိန်းနိုင်မလဲ ဆိုတာ ကျနော်ကတော့ သူ့အနေနဲ့ လုပ်နိုင်ဖို့ ခက်ခဲတဲ့ဒေသလို့ မြင်တယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်က ချင်းပြည်နယ်နဲ့ ဆက်စပ်နယ်မြေတွေ ပြန်ထိန်းချုပ်ဖို့ အားထုတ်ရာမှာ စစ်ရေးပစ်မှတ်၊ အရပ်ဘက်ပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်လို့ ချင်းပြည်သူ့တပ်မတော် (CPA) က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာက မျက်ကွယ်မပြုဖို့နဲ့ ဒေသခံ စစ်ဘေးသင့်ပြည်သူတွေနဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို အများပြည်သူက တတ်နိုင်တဲ့နည်းလမ်းနဲ့ ဝိုင်းဝန်းပံ့ပိုးစောင့်ကြည့်ကူညီပေးဖို့ ချင်းပြည်သူ့တပ်မတော် (CPA) က မေတ္တာရပ်ခံထားပါတယ်။











