
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က လက်ရှိ ဆင်နွှဲနေတဲ့ “ပြည်သူ့ခုခံတွန်းလှန်စစ်” ကနေ “မဟာဗျူဟာထိုးစစ်” ကို တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၇ ရက်မှာ ပြုလုပ်တဲ့ PDF တပ်မှူးကြီးများ အစည်းအဝေးကနေ အခုလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ ၄ ရက်တာ အစည်းအဝေးကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် (လုံ/ကာ) အဖွဲ့ဝင်တွေနဲ့ PDF စစ်ဦးစီးချုပ်၊ တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခုတို့က တပ်မှူးကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ရှေ့လုပ်ငန်းစဉ်တွေမှာ စစ်ဒေသအသီးသီးက မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ (EROs) အားလုံးနဲ့ လက်တွဲပြီး ထိုးစစ်တွေ ဆင်နွှဲသွားမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။










