အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီတပတ်အတွင်း ပေကျင်းမှာပြုလုပ်မဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပွဲမှာ ထောင်ဒဏ်ကျခံနေရတဲ့ မီဒီယာသူဌေးကြီး ဂျင်မီလိုင် အရေးနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ မေ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူဖြစ်သလို အခုပိတ်သိမ်းလိုက်ပြီဖြစ်တဲ့ Apple Daily သတင်းစာကို တည်ထောင်သူ ဂျင်မီလိုင်ရဲ့ အမှုကို ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ဂျင်မီလိုင်ဟာ နိုင်ငံခြားအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှု၊ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုတွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတာပါ။
ဒီအမှုကြောင့် ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားအစိုးရတချို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အကြီးအကျယ် စိုးရိမ်ဝေဖန်ခဲ့ကြပါတယ်။
ဒါ့အပြင် ထရမ့်ပ်ဟာ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချနေတဲ့ကိစ္စကိုလည်း ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။
ဝါရှင်တန်က ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် နှစ်ရှည်လများ ကူညီပေးနေတဲ့အပေါ် သမ္မတ ရှီက မလိုလားပေမဲ့ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒေါ်နယ်ထရမ့်ပ်က “သမ္မတ ရှီက ကျနော်တို့ကို လက်နက် မရောင်းစေချင်ဘူး၊ ဒါပေမဲ့ ကျနော် ဒါကို ဆွေးနွေးမှာပါ။ ဒါဟာ ဆွေးနွေးရမဲ့ကိစ္စရပ် အတော်များများထဲက တခုပါ” လို့ ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုနေပေမဲ့ ထိုင်ဝမ်ဘက်က ငြင်းဆိုထားပါတယ်။
အမေရိကန်ဟာ တရုတ်တနိုင်ငံတည်းမူဝါဒကို လက်ခံထားပေမဲ့ ဥပဒေအရ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးကို ကူညီဖို့ တာဝန်ရှိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထရမ့်ပ်ဟာ ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အကြီးမားဆုံး လက်နက်ရောင်းချမှု အစီအစဉ်ကို ကြေညာထားတာကြောင့် ဒါဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အဓိက တင်းမာစရာ ဖြစ်နေပါတယ်။










