
ဘယ်လ်ဂျီယံနိုင်ငံ အန့်တွာ့ပ်မြို့ရှိ တိုက်ခန်းတခုမှာ ဇူလိုင် ၁ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ပြောကြားခဲ့ပြီး လက်ရှိမှာ မီးကို လုံးဝငြိမ်းသတ်နိုင်ပြီလို့ ဆိုပါတယ်။
မီးလောင်မှုဟာ လင့်ကရိုးဗာ ရပ်ကွက်ရှိ ၁၀ ထပ်တိုက် အဆောက်အဦရဲ့ ၈ ထပ်မြောက်မှာ မနက် ၉ နာရီ ၅၃ မိနစ်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်အဖွဲ့တွေ ရောက်မလာခင်အထိ နေထိုင်သူ အချို့ဟာ အဆောက်အအုံအတွင်း ပိတ်မိနေခဲ့ကြပါတယ်။
သတင်းရရချင်းမှာပဲ ဒေသအသီးသီးက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူနာတင်ယာဉ်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်ရှိလာပြီး ပိတ်မိနေတဲ့ ပြည်သူတွေကို အဆောက်အအုံ ဘေးဘက်ကနေ ကြိုးတွေနဲ့ ဆွဲချကာ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ကနဦးသတင်းထုတ်ပြန်ချက်မှာ သေဆုံးသူ ၆ ယောက်ရှိတယ်လို့ ဆိုခဲ့ပေမဲ့ ရဲပြောရေး ဆိုခွင့်ရှိသူ ကင်မ်ဘက်စတီယန်စ်က သေဆုံးသူ အရေအတွက် အတိအကျ ၅ ယောက် သာ ဖြစ်တယ်လို့ ပြန်လည်အတည်ပြု ပြင်ဆင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိပြီး တချို့မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထား ကြကာ လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
အခုခါ မီးကို လုံးဝထိန်းချုပ် ငြှိမ်းသတ်နိုင်ပြီဖြစ်လို့ မီးခိုးငွေ့အန္တရာယ်ကြောင့် တံခါးတွေ ပိတ်ထား ကြဖို့ သတိပေးခံထားရတဲ့ အနီးနားက ပြည်သူတွေကို တံခါးတွေ ပြန်ဖွင့်နိုင်ပြီလို့ အာဏာပိုင်တွေက အကြောင်းကြားထားပါတယ်။
အဲဒီ မီးလောင်ခဲ့တဲ့ အဆောက်အအုံမှာ လူပေါင်း ၂၀၀ ကျော် နေထိုင်ပြီး လက်ရှိမှာတော့ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
မြို့တော်အစိုးရနဲ့ ရဲတပ်ဖွဲ့ဟာ အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ ပြည်သူ ၂၀၀ ကျော်အတွက် ယာယီ နေထိုင်မယ့် နေရာတွေကို စီစဉ်ပေးနေပြီး၊ တချို့ကတော့ သူတို့ရဲ့ မိသားစုဝင်တွေဆီ ခေတ္တသွား ရောက် နေထိုင်ကြပါတယ်။ ဘေးပတ်ဝန်းကျင်က ပြည်သူတွေဆီကလည်း ကူညီပံ့ပိုးမှုတွေ အများအပြား ရရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အာဏာပိုင်တွေဟာ မီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံအတွင်းရှိ ပြည်သူ တွေကို သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ပြန်လည်ယူဆောင်နိုင်မယ့် အခြေအနေနဲ့ ဘေးချင်းကပ် အဆောက်အအုံက ပြည်သူတွေ အိမ်ပြန်နိုင်မယ့် အခြေအနေကို စစ်ဆေးတွက်ချက်နေပါတယ်။
ဒါ့အပြင် သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်းမှတ်တမ်းစာအုပ် ဖွင့်လှစ်ပေးသွားမှာဖြစ်သလို၊ အမှတ်တရ ပန်းခွေချ အလေးပြုနိုင်မယ့် နေရာတခုကိုလည်း စီစဉ်ပေးသွားဖို့ ရှိပါတယ်။
Source:Reuters










