
နေရွှေဝင်းအထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတဲ့အပေါ် နှစ်ဖက်ညှိနိူင်းဖို့ ခေါ်ယူခဲ့ပေမဲ့ တရားမဝင် အဖွဲ့အစည်းဝင်ပါနေလို့ဆိုပြီး မြို့နယ်အလုပ်သမားရုံးအရာရှိက အလုပ်သမားတွေကို ရုံးခန်းအပြင် မောင်းထုတ်ခဲ့တယ်လို့ အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
အဲဒီစက်ရုံမှာ အလုပ်ထုတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မေ ၁၄ ရက်၊ နေ့လယ်ပိုင်းက ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးမှာ ညှိနိူင်းခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည်လင်းက STUM ရဲ့ ဝင်ရောက်ဆွေးနွေးမူကို လက်မခံနိုင်ကြောင်းပြောပြီး အလုပ်သမားတွေကို မောင်းထုတ်တာလို့ ဆိုပါတယ်။
အလုပ်သမားသမဂ္ဂ ခေါင်းဆောင်နဲ့အဖွဲ့ဝင် ၉ ယောက်ကို အလုပ်ပြန်ဝင်ခွင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၁၀၀ ကျော်ကိုပါ စက်ရုံက အလုပ်ထပ်ထုတ်လိုက်တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး အလုပ်သမားရုံးက ခေါ်ယူညှိနိူင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး STUM က “တရားမဝင်အဖွဲ့အစည်းဖြစ်လို့ လက်မခံ ညှိနိူင်းမူ မလုပ်နိုင်ကြောင်း ပြောပြီး အလုပ်သမားတွေကို ရုံးခန်းအပြင်မောင်းထုတ်ခဲ့လို့ အပြင်ကို အားလုံးထွက်ခဲ့တယ်။ ကုန်အမှတ်တံဆိပ် (Brand) တိုင်ကြားဖို့ပဲ ဆက်လက်လုပ်ဆောင်ပေးပါမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ လုပ်ငန်းအခြေအနေအရဆိုပြီး အလုပ်သမား ၁၉ ယောက်ကို မေ ၉ ရက်က အလုပ်ထုတ်ခဲ့တာကနေ လုပ်ငန်းခွင်မကျေလည်မူတွေ ရှိခဲ့တာဖြစ်ပါတယ်။
အလုပ်ထုတ်ခံရတဲ့အထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့အဖွဲ့ဝင် ၁၀ ယောက်ပါနေတာကြောင့် သမဂ္ဂဖြိုခွဲမှု လုပ်တဲ့လုပ်ရပ်ဆိုပြီး လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပေးဖို့ ကျန်သမဂ္ဂအဖွဲ့ဝင်တွေက တောင်းဆိုခဲ့ကြပေမဲ့ တောင်းဆိုတဲ့ အလုပ်သမား ၁၀၃ ယောက်ပါ အလုပ်ထပ်ထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ အခြေခံအလုပ်သမားအဖွဲ့အစည်းဖွဲ့ဖို့အတွက် သမဂ္ဂအဖွဲ့ဝင်တွေက မတ် ၂၃ ရက်ကတည်းက မြို့နယ်အလုပ်သမားညွန်ကြားရေးဦးစီးဌာနဆီ အဖွဲ့အစည်း ဖောင်တင်ထားပေမဲ့ ပုံစံ ၆ ချမပေးဘဲ အချိန်ဆွဲခံထားရတာလို့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
မြို့နယ်အလုပ်သမားရုံးရဲ့လက်ထဲက အဖွဲ့အစည်းမှာပါတဲ့ အလုပ်သမားစာရင်းမှာ အလုပ်ရှင်ဆီ ရောက်သွားပြီးနောက် အခုလိုအလုပ်ထုတ်ခံရတာဖြစ်သလို ညှိနိူင်းချိန်မှာလည်း လက်ထောက်ညွန်ကြားရေးမှူးက မချေမငံပြောဆို မောင်းထုတ်တဲ့လုပ်ရပ် ပြုမူခဲ့တာလို့ ဆိုပါတယ်။










