
ပြည်တွင်း အလုပ်သမားရေးကဏ္ဍမှာ သုံးပွင့်ဆိုင်ယန္တရား အားနည်းတာကြောင့် အလုပ်သမားတွေကို အလုပ်ရှင်ဘက်က လုပ်အား ခေါင်းပုံဖြတ်တာ၊ ဖိနှိပ်တာတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်ယန္တရား ရပ်တန့်နေတာကြောင့် အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကို တရားဝင် ပြန်သတ်မှတ်ပေးတာ မရှိသေးသလို လုပ်ငန်းခွင် အငြင်းပွားမှုတွေကို ဖြေရှင်းပေးမဲ့ ယန္တရားလည်း အားနည်းသွားတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး စက်ရုံတချို့မှာ လုပ်ခလစာ မတိုးပေးဘဲ အလုပ်ပမာဏ တိုးခိုင်းတာ၊ အတင်းအကျပ် အချိန်ပို (OT) ဆင်းခိုင်းတာနဲ့ လုပ်ခ တိုးတောင်းဆိုသူတွေကို ဖိအားပေးတာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် က “စစ်ကောင်စီ လက်ထက်မှာကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ စစ်အာဏာသိမ်းမှုဖြစ်တော့ သုံးပွင့်ဆိုင်ယန္တရားကနေ တရားဝင်အဖွဲ့ချုပ်တွေက နုတ်ထွက်ခဲ့ကြတယ်။ နုတ်ထွက်ပြီး တချို့ ခေါင်းဆောင်တွေလည်း ဖမ်းဆီးထောင်ချခံရတယ်။ တော်တော်များများက ယာယီအားဖြင့် ပြည်ပကို ထွက်ပြေး တိမ်းရှောင်ရတာ ရှိပေမဲ့ ပြည်တွင်းမှာတော့ ပုံမှန်အားဖြင့် နည်းလမ်းပေါင်းစုံနဲ့ ကူညီဆောင်ရွက်ပေးနေဆဲ ဖြစ်တယ်။ အရင်တုန်းက အခြေအနေဆိုရင် ဝန်ကြီးချုပ်တွေကိုယ်တိုင် ဆင်းပြီး အလုပ်သမား ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းခဲ့တာ ရှိတယ်။ အစိုးရ နှစ်ဆက်လုံးပေါ့။ အဓိကတော့ NLD အရပ်သား အစိုးရလက်ထက်မှာဆိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းပြီး အလုပ်သမားပြဿနာတွေကို ပြေလည်အောင် ခေါင်းခံ ဖြေရှင်းပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခုလက်ရှိကတော့ ဟန်ပြဖြစ်နေတာကြောင့် ဘာကို ပြန်ကြောက်နေရလဲဆိုရင် ဆန္ဒပြနေတဲ့ အလုပ်သမားတွေ အုံနဲ့ကျင်းနဲ့ ဖမ်းဆီးခံရမှာကို ပြန်ကြောက်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင် တလအတွင်းမှာတင် လုပ်ခလစာ တိုးမပေးလို့ စုပေါင်းတောင်းဆိုခဲ့တဲ့ အထည်ချုပ်ရုံ ၃ ရုံထက်မနည်း ရှိခဲ့ပြီး၊ လုပ်ခတိုးတောင်းသူတွေကို ဆက်တိုက် အလုပ်ထုတ်ပစ်တာ ရှိခဲ့ပါတယ်။ ဒါ့အပြင် လှိုင်သာယာစက်မှုဇုန်က Sen Yu အထည်ချုပ် အပါအဝင် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်ရုံတွေမှာ OT အလွန်အကျွံ ခေါ်ယူတာတွေလည်း ရှိနေပါတယ်။
ဒီလို အလုပ်သမားရေးရာ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ ပြည်တွင်း အလုပ်သမားအရေးကို ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) က ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ပုံမှန် အခမဲ့ဝန်ဆောင်မှုတွေကို ဇူလိုင် ၂၅ ရက်မှာ အကန့်အသတ်မရှိ ရပ်နားလိုက်ရပါတယ်။
အရင်လို အခမဲ့ဝန်ဆောင်မှု မပေးနိုင်တော့ပေမဲ့ သမဂ္ဂအချင်းချင်း ချိတ်ဆက်ကူညီတဲ့ ပုံစံနဲ့သာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ STUM အဖွဲ့ချုပ်က ပြောပါတယ်။
STUM အဖွဲ့ချုပ် တာဝန်ရှိသူတယောက်က “ဘယ်လို ကူညီပေးမလဲဆိုတော့ ကျမတို့ဘက်က ဝန်ဆောင်မှုတွေ ရပ်တယ်။ လုပ်ခလစာ ပါဒီယမ်တွေ ကျမတို့က ပိုက်ဆံပေးတယ်။ လစာပေးတာ အဲဒါမျိုးတွေ မပေးတော့ဘူး။ ရုံးသုံးစရိတ်တွေ မရှိတော့တဲ့အတွက် ကျမတို့မှာ ရုံးမှာ ဝန်ဆောင်မှု ပေးနေတဲ့ အခမဲ့ဝန်ဆောင်မှုတွေ မရတော့ဘူး။ ဘယ်လိုမျိုးတွေ လုပ်ပေးမလဲဆိုတော့ အမှုကိစ္စတွေမှာ လိုက်ရှင်းပေးတာ၊ သမဂ္ဂတွေက ထွက်ရှင်းပေးတာ အဲဒါမျိုးတွေ လုပ်မယ်။ ကျမတို့ ဖမ်းခံရစဉ်တုန်းကလည်း သမဂ္ဂတွေ ထွက်ရှင်းပေးခဲ့တာ ရှိတယ်။ အခု အဲဒါမျိုးတွေ ပြန်သွားမယ် ပြောတာ” လို့ ပြောပါတယ်။
လတ်တလောမှာလည်း ရန်ကုန်တိုင်းအတွင်း ဝါးတရာစက်မှုဇုန်နဲ့ ရွှေပြည်သာ စက်မှုဇုန်တို့က အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေကို ညနက်အထိ OT အတင်းအကျပ်ဆင်းခိုင်းတာ၊ မဆင်းရင် ဖိအားပေးတာ၊ OT မှတ်တမ်းတွေကို လိမ်လည် လက်မှတ်ထိုးခိုင်းတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက တိုင်ကြားထားပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ လွတ်လပ်တဲ့ သုံးပွင့်ဆိုင်ယန္တရား ပြန်လည် မလည်ပတ်သေးသရွေ့ အလုပ်ရှင်တွေရဲ့ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ လုပ်ငန်းခွင် အငြင်းပွားမှုတွေ ဆက်လက် ဖြစ်ပေါ်နေဦးမယ်လို့ သုံးသပ်နေကြပါတယ်။










