
မြန်မာနိုင်ငံမှာ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို အလုပ်ထုတ်တာ၊ ဖိအားပေးတာတွေ ရှိနေပေမဲ့ အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းနဲ့ကိုက်ညီတဲ့ လုပ်ခ မရရှိသေးတဲ့အတွက် စက်ရုံတချို့မှာ စုပေါင်းတောင်းဆိုမှုတွေ ဆက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပေမဲ့ စက်ရုံအလုပ်သမားတွေရဲ့ အခြေခံလုပ်အားခ မတိုးလာတာကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Spring Mon Garment Manufacturing စက်ရုံက အလုပ်သမား ၁၇၀ ကျော်ဟာ ဇူလိုင် ၈ ရက်ကစပြီး အခြေခံလုပ်ခ တိုးမြှင့်ပေးဖို့ စုပေါင်းတောင်းဆိုနေကြပါတယ်။
တောင်းဆိုမှု ၁၁ ရက်မြောက်နေ့အထိ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ၇ ကြိမ် ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရသေးဘဲ အလုပ်သမားတွေကတော့ ဆက်လက် တောင်းဆိုနေကြပါတယ်။
တဖက်မှာလည်း ရန်ကုန်မြို့က Bontech အထည်ချုပ်စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ စုပေါင်း တောင်းဆိုခဲ့ပြီးနောက်ပိုင်း သမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို အလုပ်ထုတ်တာ၊ သတိပေးစာ လက်မှတ်ထိုးခိုင်းတာနဲ့ အရေးယူတာတွေ ဆက်တိုက်ရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
သမဂ္ဂဖြိုခွင်းမှုနဲ့ သက်ဆိုင်တဲ့ အမှုတွေမှာ အလုပ်ရှင်ဘက်ကို ဥပဒေအရ အရေးယူတာ မတွေ့ရပေမဲ့ အလုပ်သမားသမဂ္ဂတွေကိုတော့ တရားစွဲဆိုခွင့် ပြုထားတာဟာ ဥပဒေကို မျှတစွာ ကျင့်သုံးတာ မဟုတ်ဘူးလို့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြနေကြပါတယ်။
ပြည်တွင်း အလုပ်သမားအရေးလှုပ်ရှားနေတဲ့ STUM အဖွဲ့ချုပ် တာဝန်ရှိသူတယောက်က “သမဂ္ဂ ဖြိုခွဲတယ်ဆိုရင် သမဂ္ဂဖြိုခွဲတာနဲ့ လိုက်လျောညီထွေတဲ့ အလုပ်သမားအဖွဲ့အစည်းကို ဖြိုခွဲတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဦးစီးဌာနက မြို့နယ် မှတ်ပုံတင်အရာရှိကနေ လုပ်ငန်းရှင်ရဲ့ HR တွေကို တရားစွဲရမှာ။ ဒါကို မလုပ်ဘူး။ တဖက်မှာ လုပ်ငန်းရှင်တွေကို မလုပ်ရဲပေမဲ့ အလုပ်သမား အဖွဲ့အစည်း (ဥပမာ- ပြောရရင် STUM ပေါ့) STUM ကို အလုပ်ရှင်တွေက တရားစွဲဖို့ တောင်းဆိုတဲ့ အချိန်မှာ ဝန်ကြီးဌာနက တရားစွဲဆိုမိန့်ကို ချပေးခဲ့တယ်။ အဲဒီတော့ သမဂ္ဂ အလုပ်သမား အဖွဲ့အစည်းကိုကျတော့ တရားစွဲဆိုဖို့ ခွင့်ပြုခဲ့ပြီးတော့ အလုပ်ရှင်အဖွဲ့အစည်းကိုကျတော့ ဘာဖြစ်လို့ တရားစွဲဆိုဖို့ ခွင့်မပြုပေးတာလဲ။ အလုပ်ရှင်နဲ့ အလုပ်သမားက ဒီဥပဒေအောက်မှာပဲ။ ကျမတို့ကိုလည်း အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ မှတ်ပုံမတင်ဘူးဆိုပြီး တရားစွဲတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင် လက်အောက်မှာ အလုပ်သမားတွေ စုပေါင်းတောင်းဆိုတိုင်း စက်ရုံဘက်က ရဲနဲ့ စစ်တပ်ကို ခေါ်ယူကာ အလုပ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေအပြင် သမဂ္ဂခေါင်းဆောင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အခုလို သမဂ္ဂခေါင်းဆောင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်တာတွေဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ-၈၇ (Convention 87) ကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က “အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေက ဘယ်တော့မှ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း လုပ်လို့ရမှာ မဟုတ်ဘူး။ အောင်မြင်မှုလည်း ရနိုင်သလောက် ရနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောချင်တယ်။ ဒါပေမဲ့ လုပ်လို့ရပါတယ်ဆိုတဲ့ အခင်းအကျင်းမျိုးကိုတော့ သူတို့ တတ်နိုင်သလောက် ပြမယ်။ ခုနက ကျမ ပြောသလိုပေါ့။ အစည်းအဝေးကြီးတွေ၊ အထိမ်းအမှတ် အခမ်းအနားပွဲကြီးတွေ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း လုပ်လို့မရပါဘူး။ သူတို့ တောင်းဆိုမှုတွေကို Call ခေါ်တဲ့ အခါမှာလည်း လွတ်လွတ်လပ်လပ် ခေါ်လို့မရပါဘူး။ ခေါ်ခွင့်ပေးတဲ့ အခါမှာလည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်တွေ ယူဖို့အတွက် လုပ်ဖို့ကို ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်အခြေပြု အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံအတွင်း အလုပ်အကိုင် အများဆုံး ဖန်တီးပေးနေတဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။
ILO နဲ့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ရဲ့ အချက်အလက်တွေအရ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား ၃ သိန်းခွဲကနေ ၄ သိန်းခွဲကြားရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီး အလုပ်သမားတွေ ဖြစ်ပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ ဖူလုံတဲ့လုပ်ခ ရရှိရေး တောင်းဆိုမှုတွေအပြင် သမဂ္ဂ အခွင့်အရေးကို ထိရောက်စွာ အကာအကွယ် မပေးသရွေ့ စက်ရုံအလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေနဲ့ လုပ်ငန်းခွင် အငြင်းပွားမှုတွေ ဆက်လက် ဖြစ်ပေါ်နေဦးမယ်လို့ သုံးသပ်နေကြပါတယ်။











