
စစ်မှုထမ်း တပ်သားသစ်တွေကို စစ်အာဏာရှင်တပ်နဲ့ပေါင်းပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်နေတဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၄ ရက် မနက် ၆ နာရီကျော်က ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကုန်းပြင်ကျေးရွာအုပ်စု စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး အသက် ၄၆ နှစ်အရွယ် ဦးသန်းဇော်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဖမ်းခေါ်သွားတာဖြစ်ပြီး ဧပြီလ ၁၃ ရက်အထိ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။
ကျေးရွာဒေသခံတယောက်က “ကျီးပင်ကျေးရွာဘက်မှာ အဖမ်းခံရတာ။ ဖမ်းဆီးခေါ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက အရပ်သားတွေအပေါ် အရမ်းဖိအားပေးတာ။ အခု ဖမ်းခေါ်ခံရတဲ့ နေ့ကတည်းက လက်စပျောက်နေတယ်။ ဘယ်အဖွဲ့က ဖမ်းခေါ်တာလဲတော့ မသိဘူး” လို့ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ကို PDF အဖွဲ့တွေက ဖမ်းတာလို့ စစ်တပ်ဘက်က စွပ်စွဲရေးသားထားပေမဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါ့အပြင် စစ်တပ်က အုပ်ချုပ်ရေးမှူးကို ပြန်လည်ကယ်ဆယ်ခေါ်ယူဖို့ဆိုပြီး ဝါးတောကွင်း၊ ကျီးပင်၊ ကုန်းပြင် စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။










