
မြန်မာသင်္ဘောသားအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငွေကြေးအာမခံရန်ပုံငွေ ထူထောင်ဖို့ ဆိုပြီး သင်္ဘောသားအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ SRPS ကုမ္ပဏီတခုကို ကျပ်သိန်း ၂၀၀ ပေးသွင်းရမယ်လို့ စစ်အာဏာရှင်ရဲ့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အကြောင်းကြားထားတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းက သိရပါတယ်။
လိုင်စင်သက်တမ်းရှိပြီး ဌာနက အသိအမှတ်ပြုထားတဲ့ SRPS ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) ဆီ သတ်မှတ်ရက် အတွင်း ငွေပေးသွင်းရမယ်ဆိုပြီး ကုမ္ပဏီတခုချင်းစီကို အခုရက်ပိုင်းထဲမှာ အကြောင်းကြားစာ ပေးပို့ ထားတာလို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မြန်မာသင်္ဘောသားအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငွေကြေးအာမခံရန်ပုံငွေ ထူထောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ SRPS ကုမ္ပဏီတွေကို ကနဦးထည့်ဝင်ငွေ ပေးသွင်းခိုင်းတာက သင်္ဘောသားတွေဆီပဲ ပြန်ပြီး သက်ရောက်လာဖို့ရှိနေတယ်လို့ ဝေဖန်နေကြပါတယ်။
သင်္ဘောတက်ဖို့ စောင့်နေသူတယောက်က "SRPS တွေက သူတို့အိတ်ထဲကနေ ပေးမှာတော့ မဟုတ်ဘူး။ သင်္ဘောသားတွေဆီက ရိုက်ကြေးတိုးတောင်းပြီး ထည့်မှာလေ။ လုပ်ပုံက မဟုတ်တော့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တော့တာပဲ" လို့ ပြောပါတယ်။
အဲဒီလို ရန်ပုံငွေစုဆောင်းတာနဲ့ ပတ်သက်လို့ အကျိုးခံစားခွင့်က မသေချာသေးဘဲ သင်္ဘော တက်မယ့်သူတွေ ပေးသွင်းရမဲ့ ကုန်ကျစရိတ် ပိုလာမှာကို အရင်ဦးဆုံး ကြုံရမဲ့ အနေအထား ရှိနေတယ်ဆိုပြီးတော့လည်း ပင်လယ်ကူးသင်္ဘောသားတွေက ဝေဖန်ပါတယ်။
လက်ရှိမှာ လိုင်စင်ရယူထားတဲ့ SRPS ကုမ္ပဏီ ၂၀၀ နီးပါးရှိပြီး သင်္ဘောတက်မဲ့ သူတွေဆီက ငွေမတန်တဆ တောင်းယူနေတဲ့ ကုမ္ပဏီတွေလည်း ရှိနေတာကြောင့် အဲဒီလိုလုပ်နေတာတွေကို အရင်ဆုံး ဖြေရှင်းပေးဖို့ ထောက်ပြတာတွေလည်း ရှိနေပါတယ်။










