
အီရန်ရဲ့ ပိတ်ဆို့ခံထားရတဲ့ ဘဏ္ဍာငွေတွေထဲကနေ လျော်ကြေးငွေ လက်ခံယူထားတဲ့ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီပိုင် သင်္ဘောကိုမဆို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာခွင့် ပေးတော့မှာ မဟုတ်ဘူးလို့ အီရန်ရဲ့ အဓိက စစ်ဌာနချုပ်ဖြစ်တဲ့ ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုဌာနချုပ်က ဇူလိုင် ၂၈ ရက်မှာ သတိပေးထုတ်ပြန်လိုက်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB မှာ ဖော်ပြပါတယ်။
ပင်လယ်ကွေ့ဒေသတွင်းမှာ အီရန်ကြောင့် ပျက်စီးသွားခဲ့တဲ့ သင်္ဘောတွေကို အီရန်ရဲ့ ပိတ်ဆို့ခံ ရန်ပုံငွေတွေထဲကနေ လျော်ကြေးပေးသွားမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောကြားချက်ကို အဆိုပါ စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ပယ်ချလိုက်တာပါ။
အဲဒီသင်္ဘောတွေ ပျက်စီးရတာဟာ အမေရိကန်စစ်တပ်က ဖန်တီးထားတဲ့ မတည်ငြိမ်မှုတွေနဲ့ ဟော်မုဇ်ရေလက်ကြား တောင်ဘက်က တရားမဝင် မလုံခြုံဘဲ အန္တရာယ်များတဲ့ ရေကြောင်းလိုင်းကို အသုံးပြုခဲ့ကြလို့ ဖြစ်တယ်ဆိုပြီး အီရန်ဘက်က ယူဆထားပါတယ်။
ဒါကြောင့် ဒီလို လျော်ကြေးမျိုး လက်ခံယူမဲ့ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီရဲ့ သင်္ဘောကိုမဆို ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်နယ်မြေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်ကစလို့ အစ္စရေးနဲ့ အမေရိကန်တို့နဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို ဟော်မုဇ် ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ်သန်းခွင့် ပိတ်ပင်ကာ ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို တင်းကျပ်ထားတာ ဖြစ်ပါတယ်။
Source: Reuters










