
ဆိုမားလီယားကမ်းလွန်မှာ ပြန်ပေးဆွဲခံထားရတဲ့ စက်သုံးဆီတင်သင်္ဘော MT Honour 25 ကို လုံခြုံရေးတပ်ဖွဲ့တွေက မကယ်တင်မီ ပင်လယ်ဓားပြတွေက မြန်မာအပါအဝင် သင်္ဘောသား ၅ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ဆိုမာလီယာနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန့်တ်လန်းရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ရေနံစိမ်း စည်ပေါင်း ၁၈,၅၀၀ တင်ဆောင်လာတဲ့ ပါလောနိုင်ငံ အလံတင် MT Honour 25 သင်္ဘောဟာ ဧပြီ ၂၁ ရက်က ဆိုမာလီယာ ကမ်းလွန်မှာ ပင်လယ်ဓားပြ တွေရဲ့ စီးနင်းဖမ်းဆီးတာကိုခံခဲ့ရတာလို့ အယ်ဂျာဇီးယားသတင်းမှာ ဖော်ပြပါတယ်။
ကယ်ဆယ်ရေးစစ်ဆင်ရေးမှာ သင်္ဘောကို လွတ်မြောက်စေခဲ့ပြီး ပင်လယ်ဓားပြလို့ သံသယရှိသူ ၁၆ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုမာလီအာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
"စစ်ဆင်ရေး မစတင်မီ သင်္ဘောပေါ်ပါ ပင်လယ်ဓားပြတွေက သင်္ဘောအဖွဲ့သား ၅ ယောက် ကို သတ်ဖြတ်ခဲ့ပါတယ်၊ သေဆုံးသူတွေထဲမှာ ပါကစ္စတန်နိုင်ငံသား ၃ ယောက်၊ မြန်မာနိုင်ငံသား တ ယောက်နဲ့ အိန္ဒိယနိုင်ငံသား တယောက်တို့ ပါဝင်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တခြား သင်္ဘောအဖွဲ့သား ၄ ယောက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသား ၃ ယောက်နဲ့ အိန္ဒိယနိုင်ငံသား တယောက်တို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ကင်ညာနိုင်ငံရှိ အိန္ဒိယသံရုံးက အိန္ဒိယသင်္ဘောသားတွေ သတ်ဖြတ်ခံရမှုအတွက်အလွန်အမင်း ဝမ်းနည်းကြေကွဲရကြောင်း X လူမှုကွန်ရက်ပေါ်မှာ ရေးသား ဖော်ပြပါတယ်။
ဒါ့အပြင် မကြာမီက ကယ်တင်နိုင်ခဲ့တဲ့ MT Sibu 1 နဲ့ MT Eureka သင်္ဘောတွေပေါ်မှာပါတဲ့ အိန္ဒိယ သင်္ဘောသားတွေ အပါအဝင်တခြားသူတွေ ဘေးကင်းတယ်လို့လည်း ထပ်လောင်းဖော်ပြပါတယ်။
အဆိုပါ သေဆုံးမှုဟာ ဆယ်စုနှစ်တခုကျော်ကာလအတွင်း ဆိုမာလီ ပင်လယ်ဓားပြတွေရဲ့ လက်ချက် နဲ့ ပထမဆုံးအကြိမ် ဓားစားခံတွေသေဆုံးခဲ့မှုဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲရဲ့ အကျိုးဆက်တွေကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် ထားပါတယ်။
လက်ရှိမှာ MT Honour 25 သင်္ဘောက ဘေးကင်းသွားပြီဖြစ်ပြီး အစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေကာ ပြန်ပေးဆွဲမှုမှာ ပါဝင်တဲ့ တခြားသူတွေကို ရှာဖွေဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ ပန့်တ်လန်းဒ် ရေကြောင်းရဲတပ်ဖွဲ့ (PMPF) က လူမှုကွန်ရက်မှာ ရေးပါတယ်။
ဩဂုတ်လတုန်းကလည်း ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲခဲ့တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုခံထားရတဲ့ Sibu 1 ရေနံတင်သင်္ဘောကို ရေကြောင်းရဲတပ်ဖွဲ့က လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိခဲ့တဲ့ ပင်လယ်ဓားပြ ၄၁ ယောက်အနက် ၂၈ ယောက်မှာ အကျဉ်းထောင်သို့ လွှဲပြောင်းစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ ပန့်တ်လန်းဒ် လုံခြုံရေးအရာရှိ တွေက ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို ပူးပေါင်းပါဝင်ပတ်သက်မှုနဲ့ စွပ်စွဲခဲ့ပါတယ်။
အရာရှိတွေရဲ့ အဆိုအရ ဧပြီလကစပြီး ဆိုမာလီယာ ကမ်းလွန်မှာ တိုက်ခိုက်မှု အနည်းဆုံး ၁၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပန့်တ်လန်းကမ်းလွန်ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေ ဖမ်းထားတဲ့ သင်္ဘော တစီးမှ မရှိတော့ ကြောင်းနဲ့ အိမ်နီးချင်း ဂယ်လ်မူဒုဂ်ပြည်နယ်ပင်လယ်ပြင်မှာတော့ သင်္ဘောတစီးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ပန့်တ်လန်းဒ်လုံခြုံရေး ပေါင်းစပ်ညှိနှိုင်းရေးရုံးအကြီးအကဲ မိုဟာမက်မူဘာရက် က X လူမှုကွန်ရက်မှာ ရေးပါတယ်။
ဆိုမာလီပင်လယ်ဓားပြတွေဟာ ကမ္ဘာ့သင်္ဘောသွားလာမှု အစည်ကားဆုံး ရေကြောင်းလမ်းကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့ကာ ပြန်ပေးငွေ ဒေါ်လာသန်းပေါင်းရာချီ ပေးဆောင်ခဲ့ရပါတယ်။
Source: Al Jazeera/ AFP/ Reuters










