
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်မှာ အီရန် ဒုတိယသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဟော်မုဇ်ရေလက်ကြားမှာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယသင်္ဘောသားတယောက် သေဆုံးခဲ့မှုအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ခဲ့တယ်လို့ ပြောပါတယ်။
သေဆုံးသူ အိန္ဒိယနိုင်ငံသားဟာ ဟော်မုဇ်ရေလက်ကြားက သင်္ဘောလမ်းကြောင်းကို ဖြတ်သန်းချိန်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ MT အယ်လ် ဘာဟီယာနဲ့ MT မွမ်ဘာဆာ သင်္ဘော ၂ စင်းပေါ်က အိန္ဒိယလူမျိုး အယောက် ၃၀ အပါအဝင် သင်္ဘောသား ၄၆ ယောက်ထဲမှာ ပါတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တခြား အိန္ဒိယသင်္ဘောသား ၁၀ ယောက် ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၂ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယက အလွန်စိုးရိမ်ပူပန်နေပြီး ဒေသတွင်း စီးပွားရေးဆိုင်ရာ သင်္ဘောတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာတွေကို အီရန်က ရပ်ရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အခုလမှာ ဟော်မုဇ်ရေလက်ကြားထဲက အီရန်သင်္ဘောတွေကို ပိတ်ဆို့ထားတာကို ပြန်အသက်သွင်းခဲ့ပါတယ်။
Source: Reuters










