
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရန်ပုံငွေ မလုံလောက်မှုကြောင့် ဂါဇာဒေသက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အကြီးအကျယ် လျှော့ချရတော့မယ် ဆိုပြီး အောက်တိုဘာ ၁၉ ရက်မှာ ကြေညာသွားပါတယ်။
အခုလိုမျိုး စစ်ဘေးသင့်ထားတဲ့ ပါလက်စတိုင်းနယ်မြေထဲမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရချိန်မှာပဲ လူဦးရေ ၅ သိန်းနီးပါးက အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွက် ပါလက်စတိုင်းဒေသဆိုင်ရာ လုပ်ငန်းတွေမှာ ရလာတဲ့ ရန်ပုံငွေပမာဏဟာ အရင်နှစ်တွေရဲ့ တဝက်တောင် မရှိပါဘူးဆိုပြီး WFP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လာမဲ့ ၆ လတာအတွင်း ဂါဇာကမ်းမြောင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ဆိုရင် နောက်ထပ် ဒေါ်လာ သန်း ၄၅၀ အထိ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် လစဉ်အကူအညီပေးနေတဲ့ ဂါဇာဒေသခံ အရေအတွက်ကို ၁ ဒသမ ၆ သန်းကနေ ၁ ဒသမ ၁ သန်းအထိ လျှော့ချရလိမ့်မယ်ဆိုပြီး ဖော်ပြထားပါတယ်။
အရင်က မိသားစုတစုကို အစားအသောက် ရိက္ခာထုပ် ၂ ထုပ်စီ ပေးနိုင်ပေမဲ့လည်း အခုဆိုရင် တထုပ်သာ ထောက်ပံ့နိုင်မှာ ဖြစ်သလို ဂျုံမှုန့်အိတ်တွေရဲ့ အရွယ်အစားလည်း ပိုပြီးသေးငယ်လာဖို့ ရှိပါတယ်။
ဒါ့အပြင် နေ့စဉ် ချက်ပြုတ်ကျွေးမွေးနေတဲ့ အစားအစာ အနပ်ရေကိုပါ ၂၅၀,၀၀၀ ကနေ ၁၅၀,၀၀၀ အထိ လျှော့ချသွားရဖို့ရှိပြီး သွားလာရခက်ခဲတဲ့ နေရာတွေမှာဆိုရင် တရက်ခြားတခါ စီစဉ်ပေးတာမျိုးသာ ဖြစ်လာနိုင်ပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ဂါဇာလူဦးရေ ၈၀ ရာခိုင်နှုန်းနဲ့ အထက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။
အလားတူ ကလေး ၅ ယောက်မှာ တယောက်သာ အာဟာရစုံလင်အောင် စားသုံးနိုင်သလို ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း အကန့်အသတ်တွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
လက်ရှိ ဂါဇာလူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းဖြစ်တဲ့ ၁ ဒသမ ၄ သန်းလောက်က စားနပ်ရိက္ခာ မလုံလောက်တဲ့ အကျပ်အတည်းအဆင့် ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ အခြေအနေကို ရင်ဆိုင်နေရကြောင်း ခန့်မှန်းထားပါတယ်။
ဒါပေမဲ့လည်း အဲဒီအရေအတွက်ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ဂါဇာလူဦးရေရဲ့ ၇၇ ရာခိုင်နှုန်း တနည်းအားဖြင့် ၁ ဒသမ ၆ သန်းအထိ ရှိခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အတော်လေး လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခြေအနေကို ကုလအေဂျင်စီတခုဖြစ်တဲ့ WFP ဘက်က ဒါဟာ “အနည်းငယ် တိုးတက်လာတာသာဖြစ်ပြီး အချိန်မရွေး ပြန်လည်ဆိုးရွားသွားနိုင်တဲ့ အနေအထားမျိုး” ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
Source: Reuters











