
ထိုင်းအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဘန်ပဟန်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၂ ရက်က တရားမဝင် မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ကားတစီး စစ်ဆေးရေးတပ်ဖွဲ့ကို တိမ်းရှောင်ထွက်ပြေး လာစဉ် ယာဉ် ၃ စီး ဆင့်ကဲတိုက်မှုဖြစ်ပွါးပြီး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မနက် ၉ နာရီခွဲလောက်က အယုဒ္ဓယခရိုင်၊ အဝေးပြေးလမ်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီး ကြပ်ရေးတပ်ဖွဲ့ နဲ့ တာဝန်ရှိသူတွေဟာ ဘန်ပဟန်မြို့နယ်၊ ဟန်ဆန်ရပ်ကွက်အပိုင်းရှိ အာရှလမ်းမကြီး ကီလိုအမှတ် ၄၀- ၄၂ ကြား ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် အဖြူရောင် ISUZU D-MAX ဟိုင်းလပ်စ် ကားတစ်စီး မောင်းဝင်တာမှာ သံသယရှိတာကြောင့် တာဝန် ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်ပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ကားနဲ့ အနောက်ကနေ လိုက်ဖမ်းတာမှာ အဆိုပါကားဟာ ၅ ကီလိုမီတာ အကွာအဝေးထိရောက်တော့ အရှေ့ကသွားနေတဲ့ ၆ ဘီးကားကြီးကို အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်လိုက်တယ်။ ၆ ဘီးကားဟာ လမ်းဘေးကို ထိုးကျတိမ်းမှောက်သွားပါတယ် ။ ဒါတင်မကဘဲ နောက်ထပ် ကား ၂ စီးကိုပါ ဆင့်ကဲဝင်တိုက်ခဲ့တယ်၊ ဒါကြောင့် ဒီဖြစ်စဉ်မှာ ဝင်တိုက်တဲ့ကား အပါအဝင် ကား ၄ စီး ထိခိုက်ပျက်စီးသွားပါတယ်။
ယာဉ်တိုက်မှုကြောင့် ၆ ဘီးကားမောင်းသူ ၁ ယောက် ၊ မြန်မာနိုင်ငံသား ၁ ယောက်နဲ့ ကုန်တင်ကားမောင်းသူ ၁ ယောက် စုစုပေါင်း ၃ ယောက် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက ဘန်ပဟန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်။
စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းလာတဲ့ကားထဲမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၆ ယောက် အမျိုးသမီး ၂ ယောက်တို့ လိုက်ပါလာပါတယ်။ ယာဉ်တိုက်မှု ဖြစ်ပွါးတဲ့နောက် ကားမောင်းသူ အသက် ၂၅ နှစ်ရွယ် မြန်မာအမျိုးသားက လမ်းဘေးရှိ တောထဲကို ထွက်ပြေးပုန်းရှောင်ဖို့ ကြိုးစားပေမဲ့ တာဝန်ရှိသူတွေက ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်။ သူပုံစံမှာ ထိတ်လန့်ပြီး မူးဝေနေတာကြောင့် ဆေးရုံပို့ထားလိုက်ရတယ်။
တာဝန်ရှိသူတွေဟာ တရားမဝင်မြန်မာတွေ စီးလာတဲ့ကားကို ရှေ့ပြေးလမ်းပြအဖြစ် မောင်းနှင်ခဲ့တဲ့ နောက်ထပ် အဖြူရောင် Honda City ကားတစီးကိုလည်း ဖမ်းဆီးရမိပါတယ်။ ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသား အသက် ၂၇ နှစ်အရွယ် ဝေယံထက်ရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အဆိုပါ မြန်မာလုပ်သားတွေကို ဘန်ကောက်ကို ပို့ပေးဖို့ တာ့ခ်ခရိုင် မဲဆောက်ကနေ သွားကြိုလာခဲ့တယ်။ အဖိုးအခအဖြစ် ဘတ် ၁၀,၀၀၀ နဲ့ ဓာတ်ဆီဖိုးပါ ရရှိတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဆိုပါယာဉ်မောင်းကိုရော၊ တရားမဝင်မြန်မာတွေနဲ့ ကား ၂ စီးပါ ဖမ်းဆီးထားပြီး ဥပဒေအရ အရးယူသွားမယ်၊ ဒါ့အပြင် နောက်မှာ ကြိုးကိုင်နေတဲ့ ပွဲစားတွေပါ ဆက်လက်စုံစမ်းဖမ်းဆီးသွားမယ်လို့ ပြောသွားပါတယ်။
Source: အဝေးပြေးလမ်းရဲတပ်ဖွဲ့ ၊ MGR Online











