DVB Logo
Home
နိုင်ငံတကာ
ဖောက်ပြန်သော အယုဒ္ဓယဘုန်းကြီးနှင့် ဒကာမ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၇၂၀ ကျော် သိမ်းဆည်း
DVB
·
September 14, 2026
Photo: OneNews
Photo: OneNews
Donate to DVB

ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့က နာမည်ကြီး ဗုဒ္ဓဆဝမ်ကျောင်းတိုက်ရဲ့ အလှူငွေတွေကို ကိုယ်ပိုင်အလွဲသုံးစားပြုခဲ့တဲ့  ကျောင်းထိုင်ဆရာတော် ဆမီချုတ်  နဲ့  ဒကာမ စီကာအေ တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးတဲ့နောက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရှာဖွေသိမ်းဆည်း လိုက်ပါတယ်။ 

ရှာဖွေသိမ်းဆည်းခဲ့တဲ့ ပိုင်ဆိုင်မှုပမာဏတွေနဲ့ ပတ်သက်ပြီး ထိုင်းဗဟိုမှုခင်းရဲတပ်ဖွဲ့  (CIB)၊ သာာသနာရေးဦးစီးဌာနနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ 

တာဝန်ရှိသူတွေ ရှာဖွေစစ်ဆေးချက်အရ ဘုန်းကြီး ဆမီချုတ်ရဲ့ ကျောင်းဆောင်ထဲကနေ ဘဏ်စာရင်းစာအုပ်ထဲမှ စုငွေ ၂၉၀ သန်း၊ ငွေသားဘတ် ၁၃၈ သန်း၊ ကာလတန်ဖိုး ဘတ် သန်းပေါင်း ၇၀ ရှိ ရွှေအလေးချိန် ဘတ် ၁,၀၀၀ ကျော် စုစုပေါင်း ဘတ် ၄၉၈ သန်းကျော် သိမ်းဆည်းရမိတယ်။ 

စီကာအေ (ဒကာမ အေ) ရဲ့  နေအိမ်မှ သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုတွေမှာ ငွေသား ၃,၈၃၄,၆၁၄ ဘတ်၊ ကာလတန်ဖိုး ဘတ် ၆, ၁၅၁, ၅၀၀ ရှိ ရွှေအလေးချိန် ဘတ် ၉၀၊ ဒါ့အပြင် မြေကွက်ဂရံ ၂ ခု၊ ဘဏ်စာအုပ် ၇ အုပ်၊ မြေအရောင်းအဝယ်စာချုပ်တစောင်၊ ကျန်းမာရေး အာမခံစာချုပ် တစောင်၊ ရွှေအာမခံလက်မှတ် ၆ စောင်၊ ရွှေအရောင်းအဝယ်ပြေစာ ၇ စောင်နဲ့  ထီလက်မှတ် ၄ စောင်တို့ ပါဝင်ပြီး စုစုပေါင်းတန်ဖိုး ဘတ် ၂၁၅, ၂၂၉ , ၈၄၇ ရှိပါတယ်။ 

ဒါကြောင့် နှစ်ဦးပေါင်း ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၇၂၀ ကျော် သိမ်းဆည်းထားတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဒီမတိုင်ခင် ဗုဒ္ဓဆဝမ် ကျောင်းတိုက်က အလှူငွေ ဘတ်သန်းပေါင်းများစွာကို ကျောင်းထိုင်ဆရာတော်က အလွဲသုံးစားပြုကြောင်း၊ ဆရာတော်နဲ့ ရင်းနှီးတဲ့ စီကာအေ ဒကာမမှာ အချိန်တိုတိုအတွင်း လွန်စွာကြွယ်ဝချမ်းသာလာတာ၊ ဆရာတော်နဲ့ လူမှု‌ရေးဖောက်ပြန်မှုတွေ ရှိနေတာကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က တိုင်ကြားချက် ရခဲ့တာကြောင့် ရဲတပ်ဖွဲ့က အချိန်အတိုင်းအတာတခုထိ စုံစမ်းစစ်ဆေးခဲ့တယ်။ ဆရာတော်မှာ (နေဒုန်) ကံထက်မြင့်သော တန်ခိုးရှိ ရွှေသားအဆောင်လက်ဖွဲ့ လုပ်ရောင်းရငွေနဲ့ ကျောင်းဆောင် တည်ဆောက်မွမ်းမံဖို့ ဒကာတွေ လှူဒါန်းထားတဲ့ငွေ စုစုပေါင်း ဘတ်သန်းပေါင်း ၁၀၀ နီးပါးကို ကျောင်းတိုက်ရဲ့ ဘဏ်ငွေစာရင်းထဲ မထည့်ဘဲ  မကြာခင်ကမှ တည်ထောင်လိုက်တဲ့ သူပိုင် ဖောင်ဒေးရှင်းအကောင့်ထဲလွှဲပြီး အဲဒီကနေ ကိုယ်ပိုင်ဘဏ်စာရင်းနဲ့ ဒကာမ စီကာအေ တို့ဆီ လွှဲပေးခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့လို့  ဖမ်းဆီးရတာ ဖြစ်ကြောင်း အယုဒ္ဓယခရိုင်ရဲမှူးချုပ် ဖတ်ထနဆဒ် ဘွတ်ဖာဆုဝမ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ကျလွန်းကစ်ဘန်ကယောက်က “ဒီလို ပြဿနာဟာ အဆန်းတော့ မဟုတ်ဘူး၊ အရင်ကလည်း ရှိခဲ့တယ်၊ ဒကာမတွေကနေ စတာလို့ ပြောချင်တယ်။ သူတို့က ပိုက်ဆံရှိတဲ့ ကျောင်းတိုက်တွေကို ပစ်မှတ်ထားတယ်၊ ပိုက်ဆံမရှိတဲ့ ကျောင်းတိုက်ဆို မဝင်ဘူး၊ ချမ်းသာတဲ့ ကျောင်းတိုက်က ဆရာတော်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်တယ်၊ ပြီးတော့ သာသနာကို ဖျက်ဆီးတယ်၊ ဒါမျိုးတွေကို ကျနော်တို့ လွှတ်ထားလို့ မရပါဘူး၊ ဆက်လက် စုံစမ်းအရေးယူရမယ်၊ သာသနာ‌ရေးဆိုင်ရာဌာနတွေ၊ ပြည်သူတွေလည်း ပူးပေါင်းကာကွယ်ကြဖို့ တိုက်တွန်းတယ်” လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒကာမ စီကာအေမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ခင်ပွန်းဖြစ်သူ ဆုံးသွားပြီး ကလေး ၃ ယောက် ကျန်ခဲ့တယ်။ ထိုစဉ်က သူ့ဘဝမှာ လွန်စွာခက်ခဲခဲ့တယ်၊ အဲဒီနောက် ကံကောင်းစေဖို့ ဘုန်းကြီးကျောင်းမှာ အမြဲလာပြီး ကုသိုလ်ရေးလုပ်တယ်၊ အဆောင်လက်ဖွဲ့တွေ ရောင်းတယ်။ အလုပ်အကိုင် ကြီးကြီးမားမားမရှိဘဲ အိမ်တွေ၊ ကားတွေ ဝယ်နိုင်တဲ့ထိ ချမ်းသာလာတယ်လို့ ရပ်ကွက်ထဲ နေထိုင်သူတွေက သတင်းထောက်ကို ပြောပါတယ်။ 

ဘုန်းကြီးမှာလည်း အဆောင်လက်ဖွဲ့ကောင်းရှိတယ်လို့ နာမည်ကြီးတယ်။ သူ လုပ်ရောင်းတဲ့ လက်ဖွဲ့တွေ လေ့ာကက်သီးတွေမှာ ရွှေအစစ်နဲ့ စီမံရောင်းချတယ်၊ အလွန်ရောင်းကောင်းပြီး နာမည်ကျော် အနပညာရှင်တွေ၊ ဆယ်လီတွေ လာရောက်ဝယ်ယူကြတယ်။ လက်ရှိ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီလကွန်းကိုယ်တိုင် အဲဒီလက်ဖွဲ့ကို ဆော့ဖ်ပါဝါရှိတယ်ဆိုပြီး လည်မှာ ဆွဲခဲ့တာကို လူမှုကွန်ရက်က ပြန်လည်ဖော်ထုတ် လှောင်ပြောင်ခဲ့ကြပါတယ်။ 

ဆရာတော်နဲ့ ဒကာမတို့ရဲ့ အပြုအမူတွေကို စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ပြီး ရိုက်ယူထားခဲ့ရာက ထမင်းစားခုံပေါ်က မဖွယ်မရာပုံတွေပါ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

Source: PPTV HD News / CH3 News / ONE News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013