
ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်မှာ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲ၊ စစ်တပ်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မူးယစ်ဆေးဝါး စစ်ဆေးနှိမ်နင်းမှုအတွင်း ရာနဲ့ချီတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ သံဃာ ၄ ပါးကို ဖမ်းဆီးခဲ့တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုကနေ နောက်ဆက်တွဲ မူးယစ်ဆေးဝါးကွန်ရက်ကြီးကို ဆက်လက် ဖော်ထုတ်နိုင်ခဲ့လို့ နောက်ပိုင်းမှာ ဆေးပြား ၄၉,၀၀၀ ကျော် ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်းက ဘူရီရမ်ခရိုင် ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနခွဲ ဒုတိယရဲမှူးကြီး ဆူဝတ် နမ်မွန်ကွန်ဦးဆောင်တဲ့အဖွဲ့က ခူမောင်းနဲ့ ဖုထိုင်းဆောင်မြို့နယ် နယ်နိမိတ်အနီး မသင်္ကာဖွယ် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို စုံစမ်းစစ်ဆေးရာကနေ စတင်ခဲ့တာပါ။
မီးနီအကြိမ်ကြိမ် ဖြတ်မောင်းခဲ့တယ်လို့ ယူဆရတဲ့ သံသယဖြစ်စရာ အနက်ရောင် မော်တော်ယာဉ်တစီးကို ရဲတပ်ဖွဲ့က ကီလိုမီတာ ၄၀ ကျော်ကြာ နောက်ယောင်ခံ လိုက်ပါသွားခဲ့တာမှာ နောင်ကုန်းကျေးရွာ လမ်းဆုံမီးပွိုင့်တနေရာအရောက် ကားရပ်တန့်သွားချိန် ယာဉ်ပေါ်မှာ သံဃာ ၂ ပါး လိုက်ပါလာတာကို ရဲတပ်ဖွဲ့က စိစစ်တွေ့ရှိခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ယာဉ်မောင်း တန် ခေါ် ကစ်တီဆက်က ကားတံခါးဖွင့်လိုက်ချိန်မှာ လမ်းပေါ်ပြုတ်ကျသွားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားကို ကိုင်ဆောင်ထားတာ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် ဒုတိယမြောက်ဘုန်းကြီး ဖြောင်း ခေါ် ဝချိရဝစ်ရဲ့ သင်္ကန်းအတွင်း ဝှက်သိမ်းထားတဲ့ စိတ်ကြွဆေးပြား ၈၉ ပြားကို တွေ့ရှိခဲ့တဲ့အပြင် ကားရဲ့ အလယ် ဖုန်းတင်ခုံ အခင်းအောက်မှာ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၈၂ ပြားကိုလည်း ရဲတပ်ဖွဲ့က ထပ်မံတွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ကစ်တီဆက်ရဲ့ ဖုန်းကို စစ်ဆေးခဲ့ရာ ဖုထိုင်းဆောင်မြို့နယ်ရှိ တခြားဘုန်းကြီးတပါးထံမှ စိတ်ကြွဆေးပြားတွေ ဝယ်ယူခဲ့ကြောင်း ပြသနေတဲ့ စာတိုတွေနဲ့ ငွေလွှဲမှတ်တမ်းတွေကို တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ကစ်တီဆက် သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာလည်း အဆိုပါ မူးယစ်ဆေးဝါး ဝယ်ယူမှုမှာ ပါဝင်ပတ်သက်နေကြောင်း ပြသနေတဲ့ စာတိုတွေ၊ အသံဖိုင်တွေနဲ့ ငွေလွှဲဖြတ်ပိုင်း အထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပါတယ်။
အဆိုပါ စိတ်ကြွဆေးပြားတွေကို ဖုထိုင်းဆောင်မြို့နယ်၊ ဘန်ပေါကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ အသက် ၂၇ နှစ် အရွယ် ဘုန်းကြီး ပလိုင်း ခေါ် ယုတ္ထန ထံကနေ ဝယ်ယူခဲ့တာလို့ ကစ်တီဆက်က ထွက်ဆိုပါတယ်။
ပလိုင်းဟာ ကစ်တီဆက်အတွက် စိတ်ကြွဆေးပြား တအိတ်ကို ဘတ် ၃,၈၀၀ နဲ့ ဝယ်ယူပေးဖို့ စီစဉ်ခဲ့ပြီး ကြားပွဲခအဖြစ် ဆေးပြား ၅ ပြား ရရှိခဲ့ကြောင်း ကျန် ၃ ပြားကို တခြားဘုန်းကြီးတပါးနဲ့ အတူ သုံးစွဲခဲ့ပြီး ၂ ပြားကို ကျောင်းထိုင်သီတင်းသုံးရာ အခန်းအတွင်းရှိ ဖုန်းဘူးထဲမှာ သိမ်းဆည်းထားခဲ့တယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဆိုပါ ဘုန်းကြီးကျောင်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲတဲ့ ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒီနောက် အဆိုပါ သံဃာတွေကို လူထွက်စေခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်လာခဲ့ကာ ရဲတပ်ဖွဲ့က သံဃာတွေထံ မူးယစ်ဆေးဝါး ရောင်းချပေးခဲ့သူတွေကို ဆက်လက် ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုကို တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ အဆိုပါကွန်ရက်နဲ့ ဆက်စပ်နေတဲ့ တခြားသူ ၃ ယောက် ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီနောက် ထိုင်းအာဏာပိုင်တွေက ကွင်းဆက်တရားခံ မူးယစ်ဆေးဝါး ပံ့ပိုးပေးသူတွေကို ဆက်လက် စုံစမ်းခဲ့ရာ ဘန်ပေါ ကျေးရွာအုပ်စုရှိ သီရဒွန် နဲ့ ဝေ့ဗ်အမည်ရှိ ညီအစ်ကို နှစ်ယောက်ထံကနေ သဲလွန်စ ရရှိခဲ့ပြီး ညီအစ်ကို ၂ ယောက်ကို စိတ်ကြွဆေးပြား စုစုပေါင်း ၄၉,၂၀၀ ပြားနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါး ပြစ်မှုတွေနဲ့ ဆက်စပ်နေတဲ့ မော်တော်ယာဉ်တစီးနဲ့ မော်တော်ဆိုင်ကယ်တစီးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါး ထောက်ပံ့ပေးရာမှာ ပါဝင်ပတ်သက်နေသူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
Source: Khaosod











