
စစ်အာဏာရှင်တပ်ရဲ့ သာသနာ့အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အညာဒေသမှာ ဒီနှစ် ကထိန်ပွဲတော်တွေကို စည်စည်ကားကား မကျင်းပနိုင်ဘူးလို့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေက ပြောပါတယ်။
သီတင်းကျွတ်လပြည့်ကျော်တာနဲ့ မြန်မာနိုင်ငံအနှံ့က မြို့ရွာအသီးသီးမှာ ကထိန်ပွဲကျင်းဖို့ ပြင်ဆင်တာတွေ ကထိန်ပွဲရဲ့ အသံတွေနဲ့ စည်ကားလို့နေပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော် ကြာလာတာနဲ့အမျှ စစ်ရေးပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်းနဲ့ မကွေးလို ဒေသတွေမှာတော့ ကထိန်အလှူပွဲရဲ့ အငွေ့အသက်တွေက ပျောက်ဆုံးလို့လာပါတယ်။
“သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်” ဆိုတဲ့ ဆိုရိုးစကားရှိနဲ့အညီ ကထိန်ပွဲဆိုတာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထား ကျင်းပတဲ့ ဘာသာရေးပွဲတော်တခု ဖြစ်ပါတယ်။
ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်း ဘုန်းကြီးကျောင်းတွေမှာ ကထိန်သင်္ကန်းကပ်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။
ကထိန်ပွဲကျင်းပဖို့အတွက် ကထိန်ခင်းမဲ့ ကျောင်းတိုက်မှာ ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော် ၅ ပါး လိုအပ်ပါတယ်။
ဒါပေမဲ့ ရွာသူရွာသားတွေ စစ်ရေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့နေရချိန်မှာ သံဃာတော်တွေလည်း ကျောင်းသင်္ကန်းကို စွန့်ခွာကြရပါတယ်။
ဒါကြောင့် တချို့ကျောင်းတွေမှာတော့ ဒီနှစ် ကထိန်ပွဲကျင်းပဖို့ ဝါကပ်သံဃာမရှိတဲ့အတွက် ကထိန်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ဘုန်းကြီးတပါးက မိန့်ပါတယ်။
“ကိုယ်တွေ့အနေနဲ့ ပြောရရင်တော့ လောလောဆယ် ကထိန်တွေဘာတွေ ခင်းလို့မရတော့ဘူးပေါ့။ ကထိန်အာနိသင်တွေ ပျက်သွားပြီးတော့၊ ဦးပဥ္စင်းရွာမှာနေတဲ့ ကျောင်းဆိုရင် ပြီးခဲ့တဲ့အခေါက်ကဆို ၇ ရက်ကျော်တောင် ပြေးလိုက်ရတော့ ကထိန်အာနိသင်က ပျက်သွားတာလေ။ အဲ့ကျတော့ ကထိန်ခင်းလို့မရတော့၊ ကထိန့်ဒါယိကာကို ဒီနှစ် ကထိန်မဖြစ်တော့ဘူး ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ရတာပေါ့။”
သံဃာတော်တွေ ဝါမကပ်နိုင်တာကြောင့် ကထိန်ပွဲမကျင်းပနိုင်တာရှိသလို တချို့ဒေသတွေမှာတော့ ဘာသာရေးအဆောက်အအုံတွေ တိုက်ခိုက်ခံနေရတာကြောင့်လည်း ကထိန်ပွဲတွေ မကျင်းပနိုင်တဲ့ အခြေအနေတွေ ကြုံနေရပါတယ်။
အောက်တိုဘာ ၃၀ ရက် မနက်အစောပိုင်းက ချောင်းဦးမြို့နယ်၊ တောကျောင်းလေးရွာမှာ ပဋ္ဌာန်းပွဲကျင်းပနေတာကို မုံရွာအခြေစိုက် စစ်အာဏာရှင်တပ် နမခက အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပွဲပျက်ခဲ့ရပါတယ်။
အောက်တိုဘာ ၁၁ ရက်၊ တော်သလင်းလကွယ်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ သမိုင်းဝင် မဟာစည်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ရပါတယ်။
ဒီအခြေအနေကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ကျောင်းကန်ဘုရားတောင် မသွားရဲကြဘဲ နေအိမ်မှာ ဆရာတော်တပါးပါးကို ပင့်ဖိတ်ပြီး အိမ်နီးချင်းတွေစုကာ သီလယူနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ကထိန်သင်္ကန်းဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် တနှစ်မှာတကြိမ် မဖြစ်မနေ လှူဒါန်းကြရတဲ့ အလှူဖြစ်တာကြောင့် ဒီနှစ်မှာတော့ အရင်လို စည်စည်ကားကားမဟုတ်ဘဲ အကျဉ်းချုံးပြီး လူစုလူဝေးမဖြစ်အောင် ကထိန်အလှူကို ကျင်းပမယ်လို့ ဆိပ်ခွန်ရွာသားတယောက်က ပြောပါတယ်။
“ဒီနှစ်တော့ တအားကြီး စည်စည်ကားကား မလုပ်တော့ဘဲနဲ့ ကထိန်သင်္ကန်းနဲ့ ဝတ္ထုလေးလောက်ပဲ သီးသီးသန့်သန့် လူစည်ကားအောင် မဖိတ်မပြုဘဲနဲ့ အကျဉ်းချုံးပြီး လုပ်ကြရမဲ့ အဆင့်မျိုးပါ။ မဖိတ်မပြုဘဲ ကိုယ့်မိသားစုနဲ့ပဲ ကျောင်းတွေမှာ ကထိန်သင်္ကန်းကပ်ပြီး လှူတဲ့ ပွဲလေးတွေလောက်ပဲ ခပ်စိပ်စိပ်လေး ကြားလာရပြီပေါ့ဗျ။ စည်စည်ကားကားနဲ့ ကထိန်တွေ လုပ်ဖို့ဆိုတာ ကျနော်တို့ဘက်မှာ မဖြစ်နိုင်တော့ပါဘူး။ လူထုကလည်း တအားကို ထိတ်လန့်နေတဲ့ အတိုင်းအတာဖြစ်နေတော့ စည်ကားမှုလည်း မလုပ်တော့ပါဘူး။”
တဖက်မှာလည်း စစ်ဘေးသင့်ဒေသတွေက ပြည်သူတွေမှာ စားဝတ်နေရေး မပြေလည်မှုတွေကြောင့် အလှူအတန်းမလုပ်နိုင်တဲ့ အခြေအနေတွေ ကြုံနေရပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေဟာ အလှူအတန်း မလုပ်နိုင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ကြုံရတယ်လို့ ဆိုပါတယ်။
အဲဒီလို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ပျောက်အောင် တတ်နိုင်သလောက် အလှူပွဲတွေကို အကျဉ်းချုံးပြီး ကျင်းပပေးရတယ်လို့ ဘုန်းကြီးတပါးက မိန့်ပါတယ်။
“အလှူအတန်းလုပ်ရရင် ပျော်တဲ့ လူမျိုးတွေဆိုတော့ အမြဲတမ်းလှူချင်နေတာ၊ ရွာကထိန်မခင်းရတာကို ကြာလှပြီ။ ကန်တော့ပွဲမလုပ်ရတာ ကြာလှပြီဆိုပြီး သူတို့စိတ်တွေဟာ ပိုလို့ သိမ်ငယ်စိတ်တွေ ဝင်မှာစိုးလို့ လှူလည်းလှူနိုင်အောင်၊ ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်အောင် စီမံရတယ်။ အဲ့လိုစီမံပြီးတော့ ရာသီပွဲတွေ ဖြစ်အောင်လုပ်ရတယ်။ ရိုးရာဓလေ့မပျောက်ဖို့ရယ် စစ်ရှောင်နေရတဲ့ သိမ်ငယ်စိတ်တွေ ဝင်နေတာတွေ သက်သာဖို့ လုပ်ပေးရတယ်။”
အဲဒီလို ကထိန်ပွဲတွေ လုပ်ပေးပေမဲ့လည်း လေကြောင်းအန္တရာယ်ကို သတိထား စောင့်ကြည့်ရသလို ဆက်တိုက်သတင်းပေးနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
သာသနာ့အဆောက်အုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ၊ သံဃာတော်တွေ ထွက်ပြေး တိမ်းရှောင်ကြရတာနဲ့ ငွေကြေးရှားပါးမှုကြောင့် ကထိန်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေတွေကို ကြုံနေကြရပေမဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ သဒ္ဓါတရားက ထက်သန်နေဆဲပါ။ ဒါကြောင့် အေးအေးချမ်းချမ်းနဲ့ ကောင်းမှုကုသိုလ်ပြုရမဲ့ နေ့ကို မျှော်လင့်နေကြပါတယ်။
ဒေသခံတယောက်က “အခုလို ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခရောက်ကြတဲ့အတွက် ဘုရားပွဲတွေမှာလည်း ဘယ်သူမှ မပျော်နိုင်ကြပါဘူး။ ကိုယ့်အိမ်ကိုယ့်ယာထဲမှာပဲ စိုးရိမ်စိတ်နဲ့ နေနေရတာကြီးကို အမြန်ဆုံးပြီးဖို့ ဆုတောင်းတာပေါ့ဗျာ” လို့ ပြောပါတယ်။











