
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မနေ့က ကျင်းပတဲ့ မန်ယူနဲ့ လီဗာပူး ပွဲစဉ်မတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်လိုက်ရပါတယ်။
အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြကြီးဟာ ကြိုတင်ကာကွယ်မှုအနေနဲ့ ဆေးကုသမှုခံယူဖို့ သွားရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အိမ်ပြန်ရောက်နေပြီလို့ သိရပါတယ်။
ဖာဂူဆန်ဟာ ပွဲမစခင် တနာရီကျော်အလိုမှာ ဆေးရုံသို့ သွားရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ၂၀၁၈ ခုနှစ် ဦးနှောက်သွေးယိုစီးမှု ဒဏ်ရာဟောင်းနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
၂၀၁၃ မှာ အနားယူခဲ့တဲ့ ဖာဂူဆန်ဟာ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းကို ပုံမှန်တက်ရောက်အားပေးလေ့ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ဇနီးဖြစ်သူ ကွယ်လွန်မှုနဲ့ အသင်းသံတမန်ရာထူးကနေ ရပ်စဲခံရမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။











