
မန္တလေးဘူတာကြီး အဆောက်အဦအပေါ်က ဖြတ်ပြီး ၇၈ လမ်းနဲ့ ၇၉ လမ်း ဆက်သွယ်ထားတဲ့ ခုံးကျော်တံတားကို စစ်အုပ်စုက ဇွန် ၆ ရက် မနေ့က ပြန်ဖွင့်ပေးလိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီခုံးတံတားကို စစ်တပ်က အာဏာသိမ်းပြီးကတည်းက လုံးခြုံရေးအရဆိုကာ ပိတ်ထားတာဖြစ်ပြီး ၅ နှစ်ဝန်းကျင်အကြာမှာ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့ခံတယောက်က “မနေ့က ကြေညာတယ်။ အဲဒီ ခုံးတံတားအပြင် စည်ပင်ရုံးတို့ New Ocean တို့ ဘာတို့ သွားတဲ့ဘက်က ပိတ်ထားတဲ့ဟာတွေပါ ဖယ်လိုက်ပြီ ပြောတယ်။ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တို့ ဘာတို့လည်း ဖယ်လိုက်ပြီ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ခုံးတံတားဟာ မန္တလေးမြို့ရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို ဆက်သွယ်သွားလာရာမှ အဓိကကျတဲ့ လမ်းကြောင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတည်းက ပိတ်ထားတာ ဖြစ်ပါတယ်။
အဲဒီလို ပိတ်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ ၂၆ လမ်းနဲ့ ၃၅ လမ်းဘက်ကနေ ကွေ့ပတ်သွားလာနေရတာဖြစ်ပြီး အချိန်ကုန်လူပန်း ဖြစ်ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခြားမြို့ခံတယောက်က “အာဏာသိမ်းပြီးခါစတည်းက ပိတ်လိုက်တာ။ အဲဒီလို ပိတ်လိုက်ကတည်းက တကွေ့တပတ်ကြီး ပတ်ပြီးသွားနေရတာ၊ အချိန်ကုန် လူပန်းဖြစ်တာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ မန္တလေးမြို့ပေါ်က လမ်းပိတ်ထားတဲ့ အရံအတားတွေရှိရာ လမ်းအချို့ကို စစ်အုပ်စုဘက်က ဖယ်ရှားပေးလိုက်တယ်လို့ ကြားရပြီး အဲဒီလို ဖယ်ရှားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။











