
အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ရှားခဲ့တာ ၁ နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာပဲ မန္တလေးနဲ့ ဂန့်ဂေါမှာ အင်အား ရစ်ချ်တာစကေး ၄ ကျော်တဲ့ ငလျင်တွေ လှုပ်ရှားခဲ့ပါတယ်။
မတ် ၂၆ ရက် ည ၇ နာရီ ၃၆ မိနစ်က မန္တလေး မဟာအောင်မြေမြို့နယ်ရဲ့ အရှေ့ဘက် ၂ မိုင်လောက်အကွာ မြေအောက်အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၃ ရှိတဲ့ ငလျင်တခု လှုပ်ရှားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်ပြီး မြေငလျင်သတင်းအမှတ်စဉ် ၂၉၁ အဖြစ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
အဲဒီငလျင်ကို သိသိသာသာ ခံစားခဲ့ကြရပြီး မလှုပ်ခင်မှာ အသံမြည်လာတာလို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။
ည ၉ နာရီ ၁၇ မိနစ်လောက်ကလည်း ဂန့်ဂေါမြို့ရဲ့ အရှေ့တောင်ဘက် ၂၁ မိုင်လောက်အကွာ မြေအောက်အနက် ၄၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၄ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။










