DVB Logo
Home
Lead Story
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာ
DVB
·
July 28, 2026
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာ
Donate to DVB

ဒီလဟာ မြန်မာနိုင်ငံအတွက်တော့ အမှောင်ဖုံးလွှမ်းနေတဲ့ နှစ်ပတ်လည်နေ့တွေရှိတဲ့ လတလပါ။ ဇူလိုင်လ ၁၉ ရက်နေ့ဟာ လွတ်လပ်ရေး မရခင်ကတည်းက လုပ်ကြံခံခဲ့ရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခြင်း ၇၉ နှစ်ပြည့်ဖြစ်ပြီး ဇူလိုင် ၂၀ ရက်ကတော့ သူ့သမီးဖြစ်တဲ့ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်မှာ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် စတင်ချမှတ်ခံခဲ့ရတဲ့ ၃၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အသက် ၈၁ နှစ်အရွယ် နိုင်ငံခေါင်းဆောင်ဟာ  သက်ရှိထင်ရှား ရှိနေသေးရဲ့လား ဆိုတာ အပါအဝင် သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မရေရာမှုတွေ အများကြီး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အစိုးရသစ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စည်းကမ်းချက်တွေနဲ့ လွှတ်ပေးခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တော့ သတ်မှတ်နေအိမ်တအိမ်မှာ ပြောင်းရွှေ့ ချုပ်နှောင်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ထားတယ် ဆိုတာကို ပြောဖို့ ငြင်းဆန်ခဲ့သလို၊ သူ့ရဲ့ မိသားစု၊ ရှေ့နေတွေ၊ သံတမန်တွေ၊ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီလို ဘက်မလိုက်တဲ့ အဖွဲ့အစည်းတွေကိုပါ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

တချိန်တည်းမှာပဲ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံပွဲကို  စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ ပြောခဲ့တဲ့ မှတ်ချက်တွေကိုတော့ သွယ်ဝိုက်ပြီးမှသာ သိခဲ့ရပါတယ်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့ထဲမှာ ကျမ မှတ်မိသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်ပါတယ်။ သူ ပြောတဲ့ ဆိုလိုရင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေမျိုးတယောက်လို၊ ညီမတယောက်လို ဖြစ်တဲ့အတွက် ကျနော်တို့ သူ့ကို သေချာစောင့်ရှောက်သွားမှာပါလို့ ပြောသွားတာပါ” လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကက်ကယောက်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့လိုပဲ လာဇာရိုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အသစ်ပြောင်းရွှေ့ချုပ်ထားတဲ့ နေအိမ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့ “သတင်းမထုတ်ပြန်တဲ့” တွေ့ဆုံမှုတခု လုပ်ခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ပေကျင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက အတည်မပြုပေးခဲ့ပါဘူး။ သူရဲ့ ရေရေရာရာ မရှိတဲ့ တုံ့ပြန်မှုကို လေ့လာသူတဦးက “မဟာဗျူဟာမြောက် မရေရာမှု”လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အဲဒီလို တွေ့ဆုံမှုမျိုး တကယ်ဖြစ်ခဲ့တယ်ဆိုတာကို ယုံကြည်ဖို့ခက်ကြောင်း ထိုင်းအကြီးတန်း သံတမန်တွေက Nikkei Asia ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိတို့ တွေ့ဆုံနေတယ်လို့ ဆိုတဲ့ ဝါးတားတား ဗီဒီယိုဖိုင်တခုကို AFP သတင်းဌာနက စစ်ဆေးကြည့်တဲ့အခါမှာတော့ အဲဒီဗီဒီယိုဟာ အတု ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး တွေ့ခဲ့ရတဲ့ နိုင်ငံခြားသားကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွတ်ဝီနိုင်းပါပဲ။ ၂၀၂၃ ခုနှစ် ဇူလိုင်လက ဂျာကာတာမှာ အာဆီယံအစည်းအဝေးမတိုင်ခင်လေး နေပြည်တော်က လျှို့ဝှက်နေရာ တခုမှာ သူနဲ့ တနာရီလောက် တွေ့ဆုံခဲ့ပြီး၊ သူ့ကျန်းမာရေးကောင်းမွန်တယ်လို့ သူက ပြောခဲ့ပါတယ်။ လက်ရှိ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဒွန် ပရာမွတ်ဝီနိုင်းကို Nikkei Asia က ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

“ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ဘယ်လောက်ပဲ သိချင်နေပါစေ၊ မင်းအောင်လှိုင်ကတော့ ဂရုစိုက်မှာ မဟုတ်သလို၊ သူ့ကိုလည်း ထုတ်ပြမှာ မဟုတ်ပါဘူး” လို့ လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ နေပြည်တော်က စစ်အရာရှိဟောင်း တယောက်က Nikkei Asia ကို ပြောပါတယ်။

“သူ (မင်းအောင်လှိုင်) ကြောက်ရတဲ့ တရုတ်ကပဲဖြစ်ဖြစ်၊ သူ ဂရုစိုက်ရတဲ့ နိုင်ငံတကာနဲ့ အာဆီယံကပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းတွေ ထုတ်ပြန်ပေးဖို့၊ တွေ့ခွင့်ပေးဖို့ တောင်းဆိုနေတာကိုတောင် ငြင်းဆန်နေတယ် ဆိုရင်၊ သူ အသက်ရှင်နေသေးရဲ့လား ဆိုတာက သံသယဖြစ်စရာ ဖြစ်လာပါပြီ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၃၇ နှစ်တာ ကာလရဲ့ ထက်ဝက်ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခံရမှု ၄ ကြိမ်နဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရပြီး၊ အများစုကတော့ ရန်ကုန်မြို့မှာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတာပါ။ ဂင်းနစ်ကမ္ဘာ့စံချိန်အရ ပထမဆုံးအကြိမ် ၅ နှစ်နဲ့ ၃၅၅ ရက်ကြာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတာဟာ ၂၀ ရာစုရဲ့ အကြာဆုံး နေအိမ်အကျယ် ချုပ်မှတ်တမ်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးခံရပြီးကတည်းကတော့ သူ့ကို နေပြည်တော်အကျဉ်းထောင်ထဲက လေအေးပေးစက် မရှိတဲ့ ရိုးရိုးအခန်းလေးထဲမှာပဲ အများဆုံး ထိန်းသိမ်းထားခဲ့တာပါ။

သူဟာ အစာအဆိပ်သင့်မှုတွေ ခံစားခဲ့ရပြီး၊ အထူးသဖြင့် သွားဘက်ဆိုင်ရာ ကုသမှုလို လုံလောက်တဲ့ ဆေးကုသခွင့်တွေ ငြင်းပယ်ခံခဲ့ရတယ်လို့ သူ့ရဲ့ အကြံပေးတွေနဲ့ ဆွေမျိုးတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်ဟာ ၂၀၂၂ ခုနှစ်မှာ သူ အကျဉ်းထောင်ကနေ မလွတ်မြောက်ခင်လေးက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံး တွေ့ခဲ့ရတာပါ။ 

ရှောင်တာနယ်က “သူဟာ လွန်ခဲ့တဲ့ တနှစ်ကထက် ၂၀ ရာခိုင်နှုန်းလောက် ပိုပိန်သွားတယ်။ ဒါပေမဲ့ မျက်နှာပျက်ယွင်းနေတာမျိုး လုံးဝမရှိဘူး။ ပိန်သွားပေမဲ့ ကြည်လင်တက်ကြွနေတုန်းပဲ” လို့ Nikkei Asia ကို ပြောပါတယ်။ 

“သူ့ရဲ့ ဆံပင်တွေက မီးခိုးရောင်လေးတွေ စွက်နေပေမဲ့ နက်မှောင်နေတုန်းပါပဲ။ ဒါပေမဲ့ သူ့ရဲ့ သင်္ကေတဖြစ်တဲ့ ပန်းလေးတွေတော့ မပန်ထားတော့ဘူး။ သူဟာ ယုံကြည်မှုရှိတယ်၊ ရဲရင့်တယ်၊ တည်ငြိမ်နေတယ်။”

ရှောင်တာနယ်ကတော့  အခုလို ဒေါ်အောင်ဆန်းစုကြည် လုံးဝ ပျောက်ကွယ်နေတဲ့အပေါ် အတော်လေး စိုးရိမ်နေပါတယ်။

“ကံမကောင်းတာက ယုတ္တိအရှိဆုံး အဖြေတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ မကောင်းတဲ့ တခုခုဖြစ်နေပြီဆိုတာကိုပဲ ညွှန်ပြနေတယ်” လို့ သူက ဆိုပါတယ်။ 

"သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက လူတွေကို တုန်လှုပ်ဒေါသထွက်စေနိုင်လို့၊ သူရဲ့ ရဲရင့်မှုက လူတွေကို ခွန်အားဖြစ်စေနိုင်လို့၊ သူ ပေါ်ထွက်လာတာလေး တခုတည်းကတင် သူတို့ကို ကြောက်လန့်စေနိုင်လို့ ဖြစ်နိုင်ပါတယ်။ နောက်ထပ် ယုတ္တိရှိတဲ့ အဖြေတခုကတော့ သူသက်ရှိထင်ရှား မရှိတော့လို့ ဆိုတာပါပဲ။”

"နောက်ဆုံးအချက် ဖြစ်နိုင်ခြေ နည်းသေးတယ်လို့တော့ ကျနော် ထင်ပါတယ်။ အဲဒီလိုသာဖြစ်ရင် သတင်းတွေ ပေါက်ကြားလာမှာ သေချာပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီဖြစ်နိုင်ခြေက ပိုများလာပါပြီ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ်နဲ့ တခြားသူတွေကတော့ သူ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြဖို့ Proof of life တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ကင်မ် အဲရစ်ဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အပါအဝင် တခြားသူတွေဆီကပါ ထောက်ခံမှုတွေ ရထားပေမဲ့ ဘာရလဒ်မှတော့ ထွက်မလာသေးပါဘူး။

“သူ ဘယ်မှာရှိနေတယ်ဆိုတာ အတိအကျ သိနိုင်ဖို့ နည်းလမ်းမရှိပါဘူး” လို့ ကင်မ် အဲရစ် က Nikkei Asia ကို ပြောပါတယ်။ 

“သူတို့ရဲ့ ကစားကွက်က အခြေအနေကို အတတ်နိုင်ဆုံး ဝေဝါးနေအောင် လုပ်ထားဖို့ပဲလို့ ကျနော် ထင်ပါတယ်။ သူတို့က ဒါမျိုးလုပ်လာတာ ကြာပြီဖြစ်သလို၊ ဒါကို လုပ်တဲ့နေရာမှာလည်း အရမ်းတော်ကြပါတယ်။”

“မင်းအောင်လှိုင် အနေနဲ့ သမ္မတရာထူးကို ရယူပြီး အစိုးရသစ် ဖွဲ့စည်းပြီးကာစ အချိန်မှာ အခုလို ပြန်လည်သင့်မြတ်ရေး ခြေလှမ်းတွေလုပ်ဖို့ သင့်တော်တဲ့အချိန်လို့ မြင်မှာ မဟုတ်ဘူး” လို့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ ကာကွယ်ရေး သတင်းအချက်အလက် ပလက်ဖောင်း Janes က လုံခြုံရေး လေ့လာသုံးသပ်သူ အန်သိုနီ ဒေးဗစ်က Nikkei Asia ကို ပြောပါတယ်။

“မင်းအောင်လှိုင်အနေနဲ့ နေပြည်တော်မှာရှိတဲ့ သူ့ရဲ့ အစီအစဉ်သစ် တည်ငြိမ်ရေးကို ပိုခိုင်မာအောင် လုပ်ဖို့က ပိုအရေးကြီးနေမှာပါ။ နိုင်ငံရေးအရ အနှောင့်အယှက်ဖြစ်စေမဲ့ ကိစ္စတွေကို သူ မလိုချင်ပါဘူး။ အာဆီယံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ပြန်ဆွေးနွေးတာဟာ သူ့အတွက် ကြီးမားတဲ့ အနှောင့်အယှက်တခု ဖြစ်စေမှာ သေချာပါတယ်။”

ဒိုမီနစ် ဖော်လ်ဒါ 

Source: Nikkei Asia 

(ဂျပန်သတင်းဌာန Nikkei Asia ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Dominic Faulder ရေးသားသည့် “Fears mount over condition of Myanmar's Aung San Suu Kyi” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013