
ရန်ကုန်မြို့က ဆေးရောင်ပြယ်နေတဲ့ ပုဂ္ဂလိကအိမ်ရာနဲ့ အထပ်မြင့်အဆောက်အအုံတွေကို ဆေးပြန်သုတ်ဖို့ စစ်အာဏာရှင် လက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ညွှန်ကြားထားတယ်လို့ နေထိုင်သူပြည်သူတွေဆီက သိရပါတယ်။
ဆေးသားအရောင်လွင့်နေတဲ့ အဆောက်အအုံတွေ၊ နံရံမှာ အပင်တွယ်ကပ်ပေါက်နေတာတွေက မြို့အင်္ဂါရပ်ကို ထိခိုက်စေတာကြောင့်ဆိုပြီး ဆေးအသစ်သုတ်ခိုင်းထားတာလို့ ဆိုပါတယ်။
ကြည့်မြင်တိုင်မြို့နယ်မှ ပုဂ္ဂလိကအိမ်ရာသာယာရေးကော်မတီဝင် တယောက်က “သာယာရေးအဖွဲ့တွေက ဦးဆောင်ပြီး အိမ်ခန်းတွေဆီက ထည့်ဝင်ငွေနဲ့ ဆေးသုတ်ကြတာ။ တမြို့လုံး အတိုင်းအတာ ညွှန်ကြားထားတာလို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီလို ဆေးသုတ်တဲ့အခါ စိတ်ကြိုက်အရောင် ရွေးချယ်ခွင့်မရဘဲ ခဲရောင်အဖျော့ဆေးသား သုတ်ဖို့အတွက် ထပ်ဆင့် ကန့်သတ်ညွှန်ကြားထားတယ်လို့လည်း အထပ်မြင့်တိုက်တွေရဲ့ စီမံ/အုပ်ချုပ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဆေးရောင်ပျက်စီးနေတဲ့ တိုက်တွေတချို့ အခုရက်ပိုင်းကတည်းက ဆေးသားအသစ် ပြန်သုတ်နေကြတာဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှာ ဆေးသုတ်နေတဲ့ အခြေအနေကို မြို့တော်ဝန်နဲ့ အဖွဲ့လိုက် စစ်ဆေးတဲ့သတင်းကို YCDC က ထုတ်ပြန်ခဲ့တာ ရှိပါတယ်။
YCDC အနေနဲ့ မကြာခင်ကလည်း လူမနေတဲ့ ခြံကွက်အလွတ်တွေမှာ ပေါက်နေတဲ့ အပင်တွေကြောင့် အမြင်မသင့်တဲ့အတွက် ခုတ်ထွင်ရှင်းလင်းဖို့နဲ့ ကိုယ်တိုင်မလုပ်နိုင်ရင် စည်ပင်က တာဝန်ယူ ဝင်ရှင်းမှာဖြစ်ပြီး ကျသင့်ငွေကို ပိုင်ရှင်က ပေးသွင်းရမယ်ဆိုတဲ ညွှန်ကြားချက်လည်း ထုတ်ခဲ့ပါသေးတယ်။











