DVB Logo
Home
နိုင်ငံတကာ
အီရန်ခြိမ်းခြောက်မှုကြောင့် ထရမ့်ပ် တူရကီမှ လျှို့ဝှက်ထွက်ခွာခဲ့ရဟု ဝါရှင်တန်ပို့စ် ဖော်ပြ
DVB
·
August 11, 2026
Photo: U.S. NETWORK POOL
Photo: U.S. NETWORK POOL
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ပြီးခဲ့တဲ့လက အီရန်ရဲ့ ခြိမ်းခြောက်မှုကြောင့် တူရကီကနေ စစ်ဘက်လေယာဉ်နဲ့ လျှို့ဝှက်ထွက်ခွာခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဩဂုတ် ၁၀ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လက သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကာတာနိုင်ငံက အမေရိကန်အစိုးရဆီ လက်ဆောင်ပေးထားတဲ့ ဂျက်လေယာဉ်အသစ်နဲ့ NATO ထိပ်သီးအစည်းအဝေးတက်ဖို့ တူရကီနိုင်ငံ အန်ကာရာမြို့ကို သွားခဲ့တာပါ။

ဒါပေမဲ့ တူရကီကနေ ပြန်ထွက်ချိန်မှာတော့ မထင်မှတ်ဘဲ Air Force One လေယာဉ်အဟောင်းကို ပြောင်းစီးသွားခဲ့တာကြောင့် လေယာဉ်သစ်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီ NATO ခရီးစဉ်ဟာ လေယာဉ်သစ်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး တူရကီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အီရန်ဘက်က ခြိမ်းခြောက်မှုတွေ အရှိန်မြင့်နေတာကြောင့် လုံခြုံရေး စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

အန်ကာရာမှာ ထရမ့်ပ်ဟာ ကင်မရာတွေရှေ့မှာ Air Force One လေယာဉ်အဟောင်းပေါ် အတက်ပြခဲ့ပြီးနောက်မှာ သူ့ကို လေဆိပ်အစားအသောက်တင်တဲ့ကားနဲ့ လျှို့ဝှက်ပြောင်းရွှေ့ကာ စစ်တပ်သုံး C-32A လေယာဉ်ငယ်ပေါ် တင်ပေးခဲ့တာလို့ စစ်ဆင်ရေးအကြောင်း သိရှိတဲ့ အမေရိကန်အရာရှိတယောက်နဲ့ သမ္မတရဲ့ ခရီးစဉ်အကြောင်း သိရှိသူတယောက်ကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ ထရမ့်ပ်ဟာ Air Force One ပေါ်မှာပဲ ရှိနေတယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။

အဲဒီ C-32A လေယာဉ်ဟာ ဗြိတိန်နိုင်ငံ RAF မစ်လ်ဒန်ဟောလ် လေတပ်စခန်းကို ည ၁၀ နာရီ ၂၀ မိနစ်မှာ အရင်ရောက်သွားခဲ့ပြီး သတင်းထောက်တွေပါတဲ့ လေယာဉ်အဟောင်းက မိနစ်ပိုင်းအကြာမှ ရောက်လာတာ ဖြစ်ပါတယ်။

ထရမ့်ပ်ကတော့ သူဟာ အမှတ်တရအနေနဲ့ လေယာဉ်အဟောင်းကို ပြောင်းစီးတာဖြစ်ပြီး လေယာဉ်သစ်ကိုတော့ ဗြိတိန်က အမေရိကန်စစ်သည်တွေ လေ့လာကြည့်ရှုနိုင်အောင် ခေတ္တရပ်နားခဲ့တာလို့ Truth Social မှာ ရေးခဲ့ပါတယ်။

အိမ်ဖြူတော် ပြန်ကြားရေးဒါရိုက်တာ စတီဗ်ချောင်ကတော့ ကာတာလေယာဉ်မှာ သမ္မတနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အဆင့်မြင့် လုံခြုံရေးစနစ်တွေ တပ်ထားပြီးသား ဖြစ်ကြောင်းနဲ့ အမေရိကန်မှာ သမ္မတကို ပစ်မှတ်ထားနေတဲ့ ရန်သူတွေ ရှိတာကြောင့် နည်းလမ်းမျိုးစုံသုံးပြီး ကာကွယ်ရတာလို့ တုံ့ပြန်ခဲ့ပါတယ်။

ပင်တဂွန်ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချက်ချင်း အကြောင်းမပြန်ခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013