
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က လွက်ရက်စေ့ပြီး ပြန်လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ကို ထောင်ဘူးဝမှာ ပြန်ဖမ်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထပ်မံတရားစွဲကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ကို ၂၀၂၆ ခု အောက်တိုဘာ ၁ ရက်မှာ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရာမှာ ရဲတပ်ဖွဲ့က ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးကာ အမှတ် ၁ ရဲစခန်းမှူးက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ တရားစွဲကာ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အမျိုးသားတယောက်က ပြောပါတယ်။
“၂၀၂၃ ရခိုင်တိုက်ပွဲ အစောပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ကျဉ်း ၁၃ ဦးကို လွတ်ရက်စေ့ပြီး ပြန်လွှတ်ပေးတာမှာ ထောင်ဘူးဝမှာ ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲ ထောင်ချတာ။ ပြန်ဖမ်းဆီးခံရတဲ့သူတွေက AA နဲ့ ဆက်သွယ်သူတွေဆိုပြီး ဖမ်းဆီးထောင်ချခံရတဲ့သူတွေ။ တမင် ရည်ရည်ချက်ရှိရှိ ညစ်တာပေါ့ဗျာ။ သူတို့ ဆက်သွယ်တာဖြစ်စေ၊ မဆက်သွယ်တာဖြစ်စေ သူတို့ပြစ်ဒဏ်အတွက် အပြစ်ကျခံပြီးပြီ။ အခုက AA ကို စစ်ရှုံးနေလို့ အငြိုးအတေးထားပြီး လုပ်တာ။”
စစ်အာဏာရှင်တပ်က ထောင်ဘူးဝမှာ ပြန်ဖမ်းဆီးပြီး ထောင်ချလိုက်တဲ့သူတွေကတော့ စစ်တွေမြို့ ဗျိုင်းဖြူရွာက ၃ ယောက်၊ နာဇီရပ်ကွက်က တယောက်၊ ကုန်တန်းရပ်ကွက်က တယောက်၊ မင်းဂံရပ်ကွက်က ၂ ယောက်၊ ရသေ့တောင်မြို့နဲ့ ကျောက်တန်းကျေးရွာက ၃ ယောက်တို့ ပါဝင်ကြတယ်လို့ သိရပါတယ်။
အခု ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးခံရတဲ့သူတွေဟာ ရခိုင်မြို့သိမ်းတိုက်ပွဲ အစောပိုင်းမှာ စစ်အာဏာရှင်တပ်က အသီးသီးဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့တွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စစ်တွေအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၄ ယောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတာကို ထောင်ဘူးဝမှာ ပြန်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ အသီးသီး ထပ်မံချလိုက်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ်ဆို့ စွပ်စွဲခံရပြီး ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဘူးဝမှာ ပြန်လည်ဖမ်းဆီးပြီး ထပ်မံထောင်ချတာဟာ နိုင်ငံရေးအရ ညစ်ပတ်တဲ့အလုပ်ကို လုပ်တာလို့ ရခိုင် နိုင်ကျဉ်းဟောင်း အမျိုးသားတယောက်က ပြောပါတယ်။
“လွတ်ရက်စေ့ပြီး လွတ်လာတဲ့သူတွေကို ထောင်ဘူးဝမှာ ပြန်ဖမ်း ထောင်ချတာက ဆက်တိုက် ရှိလာနေတယ်။ အထူးသဖြင့် ဒီနှစ်ထဲမှာတင် ကျနော်တို့သိသလောက် စစ်တွေထောင်မှာ နှစ်ကြိမ်နဲ့ ကျောက်ဖြူထောင်မှာ တကြိမ်ရှိနေပြီ။ ဒီဟာက နိုင်ငံရေးအရ ဖိနှိပ်တာပေါ့ဗျာ။ တမင်ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်နေတာ။ လွတ်ငြိမ်းတွေ ပေးတိုင်းလည်း တခါမှ မပါကြဘူး။ AA ကို ကြောက်တိုင်း ဥပဒေနဲ့မညီတဲ့ အလုပ်တွေကို မလုပ်ရဘူးဗျာ။”
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ကျောက်ဖြူအကျဉ်းထောင်က နိုင်ကျဉ်း ၁၃ ယောက်ကို ထောင်ဘူးဝမှာ ပြန်ဖမ်းပြီး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ထပ်မံထောင်ဒဏ်တွေ ချမှတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အခါတိုင်းမှာလည်း ရခိုင်ပြည်နယ်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလေ့ မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်မှုပေးနေတဲ့ အသင်းအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။











