
မန္တလေးမြို့မှာ ဇူလိုင် ၂၉ ရက် ညက အင်အား ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်တာကြောင့် မြို့ခံတွေ နေအိမ်၊ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးရွာနေချိန် ည ၈ နာရီခွဲဝန်းကျင်မှာ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်တာဖြစ်ပြီး စက္ကန့် ၄၀ ဝန်းကျင်ကြာအောင် လှုပ်ခတ်တာကြောင့် ဒေသခံတွေ နေအိမ်၊ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ကြရတာလို့ ဆိုပါတယ်။
မန္တလေးဒေသခံတယောက်က “တော်တော်တော့ ကြမ်းတယ်။ မိုးကလည်း ရွာနေချိန် အသံအကျယ်ကြီးနဲ့ စက္ကန့် ၄၀ လောက်ကြာအောင် လှုပ်သွားတာ။ စစ်ကိုင်းငလျင်ပြီးနောက်မှာ လှုပ်တဲ့ငလျင်တွေထဲ အင်အားအသင့်အတင့်ရှိတာကို ခံစားမိတယ်။ အခုနောက်ပိုင်းမှာ ငလျင်တွေ ဆက်တိုက်လှုပ်နေသလိုပဲ။ စစ်ကိုင်းငလျင်ဒဏ်တုန်းက နံရံအက်သွားတာကို ပြန်ဖာထားတဲ့ အင်္ဂတေတွေတော့ ကွာကျသွားတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီ မန္တလေးငလျင်မလှုပ်ခင် တရက်အလို ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းမှာလည်း နေပြည်တော်၊ ပျဉ်းမနားမြို့အနီးကို ဗဟိုပြုပြီး အင်အား ၃ ဒသမ ၀ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး မန္တလေးမြို့ကပါ သိရှိခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်မှာ ဒီနေ့အထိ စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် အင်အားပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်ပေါင်း ၄၆၀ ကျော် ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးဒေသခံတယောက်က “စစ်ကိုင်းငလျင်လှုပ်ပြီး တနှစ်ကျော်ပြီ အခုထိ အိမ်တွေ ဖျက်လို့မပြီးသေးဘူး။ ကွန်ဒိုတချို့ဆို ပိုင်ရှင်နဲ့ ညှိနှိုင်းနေကြရတုန်းပဲ။ ပိုင်ရှင်က ၇ ရာခိုင်နှုန်းပဲ စိုက်မယ်ဆိုလို့ အခန်းပိုင်ရှင်တွေနဲ့ ပြဿနာတွေ တက်နေတာတွေလည်း ရှိတယ်။ အဲဒီဒေသခံတွေက နေရာပြောင်းရွှေ့နေကြရတာပေါ့” လို့ ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြင်းအား ၅ ဒသမ ၀ ကနေ ၅ ဒသမ ၉ အကြားရှိတဲ့ ငလျင်ပေါင်း ၁၃ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၄ ဒသမ ၀ ကနေ ၄ ဒသမ ၉ မဂ္ဂနီကျုအကြားရှိတဲ့ ငလျင်ငယ်ပေါင်း မြောက်မြားစွာလှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။










