
ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်အဖွဲ့တွေက တပ်သား ၂,၅၀၀ ပြည့်မီအောင် နည်းလမ်းမျိုးစုံနဲ့ လူစုဆောင်းပေးဖို့ တောင်းဆိုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းနိုင်သူတွေ စစ်မှုထမ်းဖို့နဲ့ စစ်မှုထမ်းဖို့ လူငယ်မရှိတဲ့ အိမ်ထောင်စုတစုကို ငွေကျပ် ၅၀,၀၀၀ ထည့်ဝင်ဖို့ စက်တင်ဘာ ၁၈ ရက်ကစပြီး တောင်းခံနေသလို လူငယ်တွေကိုလည်း ရှေ့တန်းအတွက် လမ်းပြတွေ၊ အထမ်းသမားတွေအဖြစ် ဖမ်းဆီးခေါ် ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပူတာအိုဒေသခံတယောက်က “လူမရှိရင် ပိုက်ဆံပေးလို့ တောင်းတယ်။ တဦးတည်းသောသားတွေ ဆိုရင် စစ်မှုထမ်းထဲ ပါသွားလို့ သိန်း ၂၀၀ လောက်အထိကို ပေးပြီး ပြန်ရွေးယူနေကြရတယ်။ အဲဒါက ရဝမ်ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်တွေကိုက ဦးဆောင်ပြီးကို လုပ်နေတာ” လို့ DVB ကို ပြောပါတယ်။
စစ်မှုထမ်းရတဲ့ လူငယ်တွေကို မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ စစ်ရေးတာဝန်ပေးဖို့ လေယာဉ်တွေနဲ့ ပို့ဆောင်တာလည်း ရှိသလို ခေါင်လန်ဖူးဒေသက တိုက်ပွဲတွေမှာလည်း အသုံးပြုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ တရုတ်-မြန်မာနယ်စပ် မှတ်တိုင်အနီးက စစ်တပ်နဲ့ ခေါင်လန်ဖူး ပြည်သူ့စစ်တို့ရဲ့ အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းအခြေစိုက် တပ်စခန်းကို စက်တင်ဘာ ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
သိမ်းပိုက်ထားတဲ့ ရဟတ်ယာဉ်ကွင်းအနီးမှာတော့ ခေါင်လန်ဖူးပြည်သူ့စစ်ရဲ့ ဌာနချုပ်စခန်းတခုလည်း ရှိပြီး ခေါင်လန်ဖူးရှေ့တန်းအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အားကို အဲဒီရဟတ်ယာဉ်ကွင်းကနေ ပို့ဆောင်တာလို့ ဒေသခံတွေက ဆိုပါတယ်။
တော်လှန်ရေးတပ်တွေဟာ ခေါင်လန်ဖူးဒေသကို ထိန်းချုပ်နိုင်ဖို့ ၂၀၂၆ ခုနှစ် ဇွန်လကစပြီး ခေါင်လန်ဖူးနယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မှတ်တိုင် ၃၁ အထိ ရောက်နေပြီလို့ သိရပါတယ်။
ခေါင်လန်ဖူးဒေသဟာ မြန်မာ–တရုတ် နယ်စပ်အနီးမှာရှိပြီး ပူတာအို၊ ချီဖွေနဲ့ ဆော့လော်ဘက်ကို ဆက်သွယ်တဲ့ လမ်းကြောင်းက ဒေသဖြစ်လို့ စစ်တပ်ဘက်က အပြင်းအထန်ခုခံဖို့ မချမ်းဘောနဲ့ ပူတာအိုက လူငယ်တွေကို စစ်မှုထမ်းခိုင်းစေလာတာလို့ သိရပါတယ်။











