
တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတလျှောက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့ ရေကြီးပြီး အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မေ ၁၉ ရက်မှာ ပြောကြားခဲ့ပြီး ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေလည်း ပိတ်ထားရသလို သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်မီးပေးဝေမှုတွေလည်း ပြတ်တောက်ခဲ့ ပါတယ်။
တရုတ်မိုးလေဝသအေဂျင်စီရဲ့ ပြောပြချက်အရ ကျန်းရှီး၊ အန်းဟွီ၊ ဟူနန်၊ ဟူပေး၊ ကွီကျိုး၊ ကွမ်ရှီး၊ ကွမ်တုံးနဲ့ ဟိုင်နန်ပြည်နယ်တွေထဲက ဒေသအတော်များများဟာ မြေပြိုမှု၊ ရုတ်တရက်ရေကြီးမှု၊ မြို့ပြရေကြီးမှုနဲ့ ရေတင်ကျန်တာတွေ အပါအဝင် မိုးရွာသွန်းမှုနဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့ရနိုင်ခြေ အလွန်မြင့်မားနေပါတယ်။
အာဏာပိုင်တွေကတော့ ရေဘေးသင့်နေတဲ့ နေရာအတော်များများမှာ အရေးပေါ်တုံ့ပြန်မှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
ဟူနန်ပြည်နယ်ထဲက ရှီမန်းခရိုင်မှာ ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၂ ရေဘေးကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုကို မေ ၁၈ ရက် ကတည်းက စတင်ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံပြည်သူ ၁၆,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားထဲက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးဒေသမှာ ခရီးသည် ၁၅ ယောက်ကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ ရေလျှံနေတဲ့မြစ်ထဲကို ပြုတ်ကျသွားခဲ့လို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဟူဘေးပြည်နယ်ထဲက မြေနိမ့်ပိုင်းရှိ ရွာတရွာမှာ လျှပ်တပြက် ရေကြီးမှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့သလို ဟူနန်ပြည်နယ်တောင်ပိုင်းမှာလည်း နောက်ထပ် လူတယောက် သေဆုံးခဲ့တယ်လို့ CCTV က ပြောပါတယ်။
တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဗဟိုဌာနကတော့ လာမဲ့ ၂ ရက်အတွင်းမှာ ပြင်းထန်တဲ့ ရာသီဥတု ဆိုးရွားမှုဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဘက်ကို တဖြည်းဖြည်း ရွေ့လျားသွားလိမ့်မယ်လို့ ဆိုပါတယ်။
မေ ၂၀ ရက်ကစပြီး ယန်စီမြစ်ရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်းတလျှောက်မှာ မိုးအပြင်းထန်ဆုံး ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters










