
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာနိုးဒေဘက်ခ်က ဩဂုတ် ၃ ရက် မနက်ပိုင်း လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်အာဏာရှင်ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးရဲ့ တယ်လီဂရမ်အကောင့်ကနေ ထုတ်ပြန်ပြောပါတယ်။
ထုတ်ပြန်ချက်ထဲ ဖော်ပြထားတဲ့ အထဲမှာတော့ ဓာတ်ပုံ ၄ ပုံပါဝင်ပြီး ၂ ပုံကတော့ ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ လာရောက်တွေ့ဆုံတဲ့ ICRC က တာဝန်ရှိသူနဲ့ပုံဖြစ်ပါတယ်။ တခြား ၂ ပုံကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့တဲ့ ဇွန် ၁၉ ရက်က ဓာတ်ပုံ ၂ ပုံနဲ့အတူ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတပုံကို ဧပြီ ၃၀ ရက် တကြိမ် စစ်အာဏာရှင်ရဲ့ ဝါဒဖြန့်ရုပ်သံတွေကနေ ထုတ်လွှင့်ကာ ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ အခုထုတ်ပြန်ချက်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ဒီပုံတွေရဲ့ စစ်မှန်မှုနဲ့ ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် အပါအဝင် ထောက်ခံသူအများစုကတော့ မိသားစုဝင်တွေနဲ့ တွေ့ဆုံစေကာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့ ဆက်လက်တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။










