
စစ်မှုထမ်းခိုင်းဖို့ မတရားဖမ်းဆီးမှုတွေနဲ့ ပေါ်တာဆွဲမှုတွေကြောင့် လုံခြုံရေး အာမခံချက်မရှိ ဖြစ်နေတဲ့ ရန်ကုန်မြို့မှာ လူငယ်တွေကို ညအချိန် အပြင်ထွက်လာအောင် ကမ္ဘာ့ဖလားပွဲ အကြောင်းပြပြီး စစ်အုပ်စုဘက်က မြှူဆွယ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်တပ်ပိုင် Mytel ကုမ္ပဏီက ပြည်တွင်းမှာ ကမ္ဘာ့ဖလားပြသခွင့် ရထားတာဖြစ်ပြီး မနေ့ညကစတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ အပါအဝင် အဓိကပွဲစဉ်တွေဖြစ်တဲ့ တတိယလုပွဲနဲ့ ဗိုလ်လုပွဲ ပွဲစဉ်တွေကို ရန်ကုန်မြို့က သုဝဏ္ဏဘောလုံးကွင်းမှာ World Cup 26 Fan Festival Myanmar အမည်တပ်ပြီး ပြသဖို့ စီစဉ်ထားတာပါ။
တောင်ဥက္ကလာပမြို့နယ်မှာနေတဲ့ လူငယ်တယောက်က “အများဆုံးက လူငယ်တွေပဲ ကြည့်ကြမှာလေ။ အဲဒီတော့ လူငယ်တွေ အပြင်ထွက်လာအောင် မြှူဆွယ်တဲ့သဘောပဲ” လို့ ပြောပါတယ်။
အဲဒီလို ပြသဖို့အတွက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေ မစခင်ကတည်းက သတင်းစာနဲ့ စစ်အာဏာရှင် လက်အောက်ခံ ရုပ်သံလိုင်းတွေကနေ ကြေညာနေတာဖြစ်ပြီး လူငယ်ထုအကြားမှာတော့ စိတ်ဝင်စားမှု နည်းပါးနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ တတိယလုပွဲ၊ ဗိုလ်လုပွဲတွေကို ဇူလိုင် ၁၄၊ ၁၅၊ ၁၈ နဲ့ ၁၉ ရက် ညပိုင်းတွေမှာ သုဝဏ္ဏကွင်းမှာ အခကြေးငွေနဲ့ ပြသမယ်လို့ စစ်တပ်ပိုင် Mytel ကုမ္ပဏီဘက်က ကြေညာထားပြီး သွားရေးလာရေး အဆင်ပြေစေဖို့ YBS ယာဉ်တွေ စီစဉ်ပေးထားတယ်လို့လည်း သိရပါတယ်။
အဲဒီလို ပြသတာကို ကြည့်ရှုနိုင်ဖို့ လက်မှတ်တွေ ဝယ်ယူရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ တတိယလုပွဲတွေအတွက် ကျပ် ၃၀,၀၀၀၊ ၅၀,၀၀၀ နဲ့ ၇၀,၀၀၀ သတ်မှတ်ထားပြီး ဖိုင်နယ်ပွဲစဉ် အတွက် ကျပ် ၅၀,၀၀၀၊ ၇၀,၀၀၀ နဲ့ ၈၀,၀၀၀ သတ်မှတ်ထားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ဒါ့အပြင် ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲနဲ့ တတိယလုပွဲ ပွဲစဉ်အားလုံးအတွက် ကျပ် ၁ သိန်းနဲ့ ၁ သိန်းခွဲအထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
သာကေတမြို့နယ်နေ လူငယ်တယောက်က "လက်မှတ်ဝယ်ရတယ်။ ကိုယ်တွေကတော့ ပိုက်ဆံပေးလည်း သွားမကြည့်ဘူး။ အလကားပြလည်း သွားမကြည့်ဘူး။ အဲဒီအချိန် ညပိုင်းကြီး ဘာသွားလုပ်ရမှာတုန်း။ ကိုယ့်ဟာကိုယ် အိမ်မှာပဲ ဖုန်းနဲ့ကြည့်မယ်" လို့ ပြောပါတယ်။
အခု ကျန်ရှိနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပွဲစဉ်တွေဟာ ည ၁ နာရီနောက်ပိုင်း ပွဲစဉ်တွေ ဖြစ်နေတာကြောင့် သွားရောက်ကြည့်ရှုကြမဲ့ လူငယ်တွေအတွက် လုံခြုံရေး စိတ်မချရတဲ့ အခြေအနေ ရှိနေပြီး စစ်အာဏာရှင်ဘက်က အကြောင်းပြချက်မျိုးစုံပေးကာ အကွက်ဆင် ဖမ်းဆီးတာတွေ လုပ်လာနိုင်တယ်လို့လည်း မြို့ခံတွေက သုံးသပ်ပါတယ်။
စစ်အုပ်စုဘက်ကတော့ သူတို့ဦးဆောင်လုပ်မဲ့ အဲဒီပွဲအတွက် သုဝဏ္ဏဘောလုံးကွင်း ပတ်ဝန်းကျင်မှာ လုံခြုံရေးတိုးချထားတာ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဖိအားပေးပြီး ဘောလုံးပွဲ သွားကြည့်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း မြို့ခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကို စစ်တပ်ပိုင် Mytel ကုမ္ပဏီက ပြသခွင့်ရထားတာဖြစ်ပြီး TV360 ချန်နယ်နဲ့ Application ကနေ ပြသနေတာ ဖြစ်ပါတယ်။










