၃ လနီးပါးအတွင်း စစ်အုပ်စုကြောင့် အမျိုးသမီး ၁၄၂ ဦး သေဆုံး

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ ၃ လနီးပါး ကာလအတွင်း နိုင်ငံတဝန်းမှာ စစ်အာဏာရှင်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၆ ယောက်အပါအဝင် အမျိုးသမီး စုစုပေါင်း ၁၄၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တဲ့ အဲဒီသေဆုံးသူ ၁၄၂ ယောက်ထဲမှာ ၁၂၂ ယောက်ဟာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ၅၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ ၂၈ ယောက်နဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အတည်ပြုဖို့ လိုအပ်နေသေးတဲ့ သေဆုံးသူအမျိုးသမီး နောက်ထပ် ၅၄ ယောက်ရဲ့ စာရင်းကိုလည်း AAPP က သီးခြားကောက်ယူ စုဆောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။











