
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နဲ့ တကောင်းနီကယ်စီမံကိန်းတည်ရှိရာ မောင်းကုန်းရွာတို့ကို မတ် ၂၅ ရက် နောက်ပိုင်းကစပြီး စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။
မတ် ၁၀ ရက်မှာ မန္တလေးတိုင်း၊ တကောင်းမြို့ကို ပြန်သိမ်းပြီးနောက် နယ်မြေချင်းထိစပ်နေတဲ့ ထီးချိုင့်မြို့နဲ့ တကောင်းနီကယ်စီမံကိန်းတို့ကို စစ်ကောင်စီက ဆက်လက်ထိုးစစ်ဆင်ပြီး ပြန်ထိန်းချုပ်ခဲ့တာပါ။
လတ်တလောမှာ တကောင်းဘက်က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ထီးချိုင့် မြို့ထဲ က တပ်တွေနဲ့ပေါင်းမိသွားပြီး မြတောင်အရပ်နဲ့ မောင်းကုန်းရွာတို့မှာလည်း တပ်စွဲထား လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်ဒေသခံတယောက်က “မြတောင်တင်မကဘူး ထီးချိုင့်က မြို့စောင့်တပ်ထဲတောင် ရောက်သွားပြီ အဲဒီလို အဖြစ်ကလေ။ ကျနော် အသေးစိတ်တော့မသိရဘူး၊ မောင်းကုန်းမှာ အုပ်ချုပ်ရေးမှူး တင်မလိုလို့တော့ အသံကြားတယ်။ ဒါပေမဲ့ နာမည်တော့ ကျနော် မမှတ်မိ လိုက်ဘူး၊ အဲ့ဒါပဲကြားတယ်၊ ကျန်တဲ့ဟာတော့ ရှိမှာပေါ့ဗျာ။ သူတို့အသေးစိတ်တော့ ပြင်ဆင်မှုတော့ လုပ်ကြမှာ” လို့ ပြောပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီက မန္တလေးတိုင်းထဲက PDF ထိန်းချုပ်နယ်မြေတွေကို ဖြည်းဖြည်းချင်း ပြန်ထိန်းချုပ်ခဲ့တာပါ။
တရုတ်အစိုးရရဲ့ဖိအားကြောင့် မြောက်ပိုင်းမဟာမိတ်တွေက နောက်ဆုတ်ပေးခဲ့ရတာကြောင့် လားရှိုး၊ နောင်ချို၊ မိုးကုတ်တို့ အပါအဝင် ရှမ်း-မန်းနယ်စပ်နဲ့ မန္တလေးတိုင်းထဲက အရေးပါတဲ့ မြို့တွေနဲ့ စခန်းကုန်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်လက်လွှတ်ခဲ့ရပါတယ်။
မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “ထီးချိုင့်ဘက်ထိအောင် ရောက်နေပါပြီဗျ၊ မတ္တရာနယ် နောက်ခြမ်းမှာတော့ စကစခန့် အုပ်ကြီးတွေတို့ ပျူခေါင်းဆောင်တွေတို့ကတော့ သူတို့ စစ်မှုထမ်းဖို့ အသံချဲ့စက်တွေနဲ့ အော်နေတယ်လို့တော့ သတင်းရထားပါတယ်ဗျ။ စဉ့်ကူး-သပိတ်ကျင်းဘက်မှာလည်း ကျနော်တို့ မတ္တရာမြို့နယ်လိုပါပဲ၊ သူတို့အုပ်ချုပ်ရေးမှူးတွေ ဘာတွေ၊ အုပ်ချုပ်ရေးပိုင်းကို အဓိကထားပြီး အလုပ်လုပ်နေတယ်။ စာသင်ကျောင်းတွေ ဆေးရုံဆေးခန်းတွေ ပြန်လည်လည်ပတ်ဖို့အတွက် သူတို့အလုပ်လုပ်နေတာတွေ တော်တော်များများ ရှိနေတယ်လို့ ကျနော် သတင်းရရှိထားပါတယ်ဗျ။ သူတို့ဆေးရုံတွေ၊ စာသင်ကျောင်းတွေ လည်ပတ်ဖို့အတွက် သန့်ရှင်းရေးဘာညာလုပ်တာတွေမှာ ပူးပေါင်း ပါဝင်မှုကတော့ နည်းပါးပါတယ်။ ပါဝင်တဲ့လူတွေကတော့ အများဆုံးကတော့ သူတို့ စကစရဲ့ အရင်တုန်းက ထောက်တိုင်တွေက အခုမှပြန်ပေါ်လာပြီးမှ အများဆုံးဝန်း ရံနေကြ တယ်လို့ပဲ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီက မန္တလေးတိုင်းထဲက PDF ထိန်းချုပ်နယ်မြေတွေကို ပြန်သိမ်းပြီးနောက်မှာ ရှမ်း-မန်းနယ်စပ်ကနေ တရုတ်ပြည်အထိ ကုန်သွယ်ရေးလမ်းပိုင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစား နေတာပါ။
အဲဒီကနေ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အထိ လမ်းကြောင်းတလျှောက် PDF ထိန်းချုပ် နယ်မြေတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ဒေသတွင်းကာကွယ်ရေးအစုအဖွဲ့တွေကတော့ ဒေသအလိုက် တပ်တွေ မဟာမိတ်ဖွဲ့ပြီး ပြောက်ကျားစနစ်နဲ့ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေကြပါတယ်။
သုတချမ်းသာ










