
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးမြို့ကနေ ကသာမြို့ဘက်ကို စစ်ကား ၃၂ စီး ဝင်ရောက်လာပြီးနောက် စစ်အာဏာရှင်တပ်က ကသာ–ထီးချိုင့် အမှတ် ၃ လမ်းကို သွားလာခွင့် ပိတ်ထားတာကြောင့် မန္တလေး–မြစ်ကြီးနား လမ်းတလျှောက် ကုန်တင်ကား ထောင်နဲ့ချီ သွားလာရေး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက် ညနေပိုင်းမှာ မော်လူးမြို့က စစ်ကား ၃၂ စီး ကသာမြို့ထဲ ဝင်ရောက်လာတာဖြစ်ပြီး မန္တလေးဘက်ကို ဆက်လက်ဆင်းလာဖို့အတွက် ကသာ–ထီးချိုင့်–မတ္တရာ–မန္တလေး လမ်းကြောင်းကို အသုံးပြုဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကားတွေ ဖြတ်သန်းသွားလာနိုင်ဖို့ လမ်းပိတ်ထားတာကြောင့် လမ်းတလျှောက်က အရပ်သား ကုန်တင်ယာဉ်တွေ အများအပြား ပိတ်မိနေပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေပါ ထိခိုက်နေတာပါ။
ကသာဒေသခံတယောက်က “အမှတ် ၃ လမ်းဆိုတာ အကျယ်ကြီး မဟုတ်ဘူးဗျ၊ မြေသားလမ်းလေ၊ မနေ့က မော်လူးကနေပြီးတော့ စစ်ကား ၃၂ စီးဆင်းသွားတာက ကသာရောက်နေပြီ အဲဒါကြောင့်များ ပိတ်နေတာလား မသိဘူး။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကတော့ မပိတ်ပါဘူး။ မနေ့က ညနေပိုင်းကို ကသာဝင်သွားပြီလေ၊ မန္တလေးကိုဆက်ဆင်းမှာဆိုတော့ ရှေ့မသွားရဲလို့ ပိတ်ကြရတာနေမှာပေါ့။ ဒီနေ့ဆို ဆင်းကြရောပေါ့။ သူတို့က စစ်တပ်ဘက်ကကိုက အဆင်းတရက် အတက်တရက် လုပ်နေတာလေ။ ဒီနေ့အတက်ဆို မနက်ဖြန်အဆင်း အဲဒီလိုမျိုး လွှတ်နေတာ ပြောတယ်။ ကိုယ့်ဘက်က အဲဒီအနား သူတို့တောင်မှ အနားမကပ်နိုင်ပါဘူး။ စစ်တပ်ကလည်း သဘောပြောရရင် ပြည်သူကားတွေကြားထဲမှာ ၁၀ စီးဆို ၁ စီးကြားညှပ် အဲဒီလို လိုက်နေတဲ့ပုံစံမျိုး လိုက်နေတာလေ။ လုပ်မရအောင်၊ သူတို့တွေချည်းပဲဆို ဟိုတခါကလို ဒရုန်းကြောက်လို့လေ”လို့ ပြောပါတယ်။
ထီးချိုင့်တံတား အပါအဝင် ဧရာဝတီမြစ်ကူး တံတားတွေကလည်း သွားလာခွင့် ကန့်သတ်ထားတာကြောင့် ကုန်တင်ကားတချို့ကတော့ ကွင်းလမ်းတွေကနေ သွားနိုင်ဖို့ မြစ်ကို ဇက်ရေယာဉ်နဲ့ ကူးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတလျှောက် ထီးချိုင့်–ရင်ကွဲတောင်–ကသာ လမ်းပိုင်းကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၉ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် လက်ရှိအချိန်အထိ ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်ရေးပြဿနာတွေကြောင့် ကုန်တင်ကားတွေ သွားလာရေး အခက်အခဲ ဆက်တိုက်ကြုံခဲ့ရတာပါ။
စစ်အာဏာရှင်တပ်က ထီးချိုင့်အထက်ပိုင်း မြို့တွေဘက်ကို နယ်မြေမထိန်းချုပ်နိုင်သေးပေမဲ့ မန္တလေးနဲ့အနီးတဝိုက် မြို့နယ်တွေကိုတော့ အင်အားသုံး ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
မန္တလေးမြို့အထက်ဘက် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းနယ်တွေကို ဒရုန်း၊ လက်နက်ကြီးတွေ ခြိမ်းခြောက်ပစ်ခတ်ပြီး နယ်မြေထိန်းချုပ်ထားတယ်လို့ မတ္တရာဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဧရာဝတီမြစ်ရိုးတလျှောက် ရေလမ်းနဲ့ အဝေးပြေးကားလမ်း ဘေးတလျှောက် ကျေးရွာတွေကို အင်အားသုံးထိန်းချုပ်ပြီး စစ်အာဏာရှင်တပ်က ထောက်ပို့လုပ်ငန်းတွေ လုပ်နိုင်ဖို့ ဗျူဟာတကျ ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “ခုလောလောဆယ် မတ္တရာနယ်ဘက်ကတော့ ငြိမ်နေတယ်ဗျ။ စဉ့်ကူးအနောက်တောင်ခြမ်းဘက်တွေတော့ စကစ ဘက်ကနေ မြေနုကျွန်းတွေဘက်ကို ဒရုန်းတွေနဲ့ လိုက်ချနေတာတွေတော့ ရှိတယ်။ PDF တွေရှိတယ် အထင်နဲ့ ရပ်ရွာနေပြည်သူတွေအပေါ်ကို လိုက်ပြီးတော့ ဒရုန်းချနေတယ်ဗျ။ နယ်မြေချဲ့ထွင်ဖို့ သူတို့ စစ်ကြောင်းထိုးတာတွေ ဘာတွေလည်း မရှိဘူး။ တမင်သက်သက်ကို အဲဒီလိုမျိုး လက်နက်ကြီးနဲ့ ပစ်လိုက် ဒရုန်းနဲ့ချလိုက် အဲဒီလို လုပ်နေတယ်ဗျ”လို့ ပြောပါတယ်။
လတ်တလောမှာ ထီးချိုင့်–ကသာ လမ်းပိုင်းက နတ်အင်းရွာ၊ ကလုံနဲ့ သာဂရ နယ်တစ်ဝိုက်အပါအဝင် လမ်းတလျှောက်မှာ မန္တလေးဘက်ကို ဆင်းမဲ့ ကုန်တင်ကားအများစု ပိတ်မိနေတာပါ။
လမ်းပိတ်နေတဲ့ပြဿနာကြောင့် ကုန်စည်ပို့ဆောင်ရာမှာ နှောင့်နှေးတာ၊ လောင်စာဆီနဲ့ အထွေထွေ ကုန်ကျစရိတ် ပိုများလာတာကြောင့် ကုန်ဈေးနှုန်းပိုတက်နိုင်သလို အထားမခံတဲ့ ကုန်ပစ္စည်းတွေ ပျက်စီးတာမျိုးလည်း ကြုံတွေ့ရမှာဖြစ်ပါတယ်။
ကုန်တင်ယာဉ်မောင်းတွေနဲ့ ခရီးသွားပြည်သူတွေအတွက် အရေးပေါ်အစားအသောက်နဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။











