DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်-ကသာလမ်းမှ စစ်အာဏာရှင်တပ်များ ပြန်ဆုတ်ခွာ
သုတချမ်းသာ
·
August 20, 2026
ပြီးခဲ့သည့် ဧပြီလက ထီးချိုင့်မြို့ကို စစ်တပ် ထိန်းချုပ်ခဲ့စဉ်။ (Photo: စစ်အာဏာရှင်တပ်)
ပြီးခဲ့သည့် ဧပြီလက ထီးချိုင့်မြို့ကို စစ်တပ် ထိန်းချုပ်ခဲ့စဉ်။ (Photo: စစ်အာဏာရှင်တပ်)
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်-ကသာ လမ်းပိုင်း ကျောက်မှော်ရွာအနီးတဝိုက်မှာ ဇူလိုင်လကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီးနောက် ဩဂုတ်လလယ်ပိုင်းမှာ စစ်အာဏာရှင်တပ်တွေ လမ်းပိုင်းကနေ ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်နဲ့ ကသာမြို့ပေါ် နေရာတွေကို စစ်တပ်က ဆက်လက်ထိန်းချုပ်ထားပေမဲ့ ဒေသတွင်း လမ်းပိုင်းနေရာတွေကို ပြန်လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

ကောလင်းခရိုင်နဲ့ ကသာခရိုင်တို့မှာ စစ်ရေးတင်းမာနေပေမဲ့ ရာသီဥတု ဆိုးရွားတာကြောင့် လမ်းပန်းခရီး အဆင်မပြေတာ၊ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာတွေကြောင့် သတင်းအချက်အလက် အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်က သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်အခြေစိုက်စခန်းတွေကနေ မြို့ပြင် ပတ်ချာလည်က တော်လှန်ရေးအစုအဖွဲ့တွေ စိုးမိုးထားဖွယ်ရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ကင်းထောက်တာ၊ ဗုံးကြဲတာတွေ ဆက်တိုက် ပြုလုပ်နေတာပါ။

ထီးချိုင့်-ကသာ ဒေသခံ အမျိုးသမီးတယောက်က “သတင်းကတော့ ထီးချိုင့်နဲ့ ကသာက လတ်တလော နည်းနည်းငြိမ်နေတယ်။ သူတို့က စစ်ကောင်စီဘက်က ဆုတ်သွားပြီးတဲ့အခါကျတော့ လောလောဆယ်တော့ ကသာရဲ့အထက်ဘက်နဲ့ ထီးချိုင့်ကြားမှာ မရှိဘူးပေါ့နော်။ ပြန်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေက စိုးမိုးပြီးတော့တောင်မှ ပျက်စီးနေတာတွေ ပြုပြင်တာတို့ပေါ့နော်၊ လမ်း၊ တံတားတွေ၊ အဲဒီလိုကိစ္စတွေ ဆောင်ရွက်နေတာ။ လတ်တလောကတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ရယ်လို့တော့ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ဧရာဝတီမြစ်ရိုးအတိုင်း ရေလမ်းခရီးကိုသုံးပြီး ကသာ၊ အင်းတော်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တွေကို စိုးမိုးနိုင်ဖို့ လက်နက်နဲ့ ရိက္ခာ ထောက်ပို့နေတာပါ။

ထီးချိုင့်-ကသာလမ်းပိုင်းနဲ့ နဘားလမ်းဆုံမှာ စစ်ရေးတင်းမာနေတာကြောင့် ကုန်စည်စီးဆင်းမှု မရှိသလောက် နည်းပါးပြီး ဆေးဝါးနဲ့ စားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပါတယ်။

ထီးချိုင့်မြို့နယ်နဲ့ လမ်းခရီးဆက်စပ်နေတဲ့ ကောလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၀ ခုထက်မနည်း ရေဘေးသင့်နေပေမဲ့ စစ်အာဏာရှင်က စစ်ရေးအရှိန်မလျှော့ချဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းဒေသခံ အမျိုးသမီးတယောက်က “စစ်ရေးကလည်း အခုက စစ်ကြောင်းက ဝေဟင်က လာလိုက်၊ မြေပြင်က လာလိုက် ဆိုလို့ရှိရင် ကျမတို့ စားဝတ်နေရေးအတွက်က နောင်နှစ်တွေမှာဆိုရင် အရမ်းခက်ခဲမဲ့ အလားအလာတွေ ရှိပါတယ်။ စစ်ဒဏ်က တမျိုး သဘာဝရာသီဥတုဒဏ်က တမျိုးနဲ့ ဆိုတဲ့အခါကျတော့ ကျမတို့ပြည်သူတွေက နင်းပြားဖြစ်နေတာ။ အဆင်ပြေဖို့ဆိုတာ မလွယ်တော့ဘူးရှင့်။ စက်ဆီပေါ့၊ ဒီဇယ်၊ ဓာတ်ဆီတို့ ဆိုလို့ရှိရင်လည်း ဝယ်ဖို့ရာအတွက် အခက်အခဲဖြစ်နေပါတယ်။ အခုဆိုရင် စက်သုံးဆီ ဘယ်မှဝယ်မရတာ တပတ်၊ ၁၀ ရက် မကဘူး။ ဘယ်ဆီဆိုင်မှ ဝယ်လို့မရတဲ့ အခက်အခဲတွေလည်း ဖြစ်နေတဲ့အတွက် ပျိုးခင်း ရေများတာက တကြောင်း၊ နောက် ထွန်ချိန် ယက်ချိန် ရောက်နေပြီဖြစ်တဲ့အတွက် စက်ခုတ်ဖို့ရာအတွက် စက်ဆီတွေ ဝယ်မရတာ တကြောင်းနဲ့ဆိုတော့ အခက်အခဲတွေက အများကြီးကို ကြုံနေရပါတယ်” လို့ ပြောပါတယ်။

ထီးချိုင့်တံတားကနေ မြစ်ကြီးနားမြို့ မရောက်ခင်အထိ ကုန်တင်ကားတွေကို ငွေကြေးတောင်းခံတဲ့ စစ်တပ်၊ ပြည်သူ့စစ်နဲ့ ရှမ်းနီတပ်တွေရဲ့ ဂိတ်ပေါင်း ၃၀ ကျော် ၄၀ နီးပါးအထိ ရှိနေပြီး တဂိတ်မှာ တခါ ဂိတ်ကြေး သိန်းဂဏန်းနီးပါး ပေးရတာကြောင့် ကုန်ဈေးနှုန်းဟာ ခန့်မှန်းလို့မရအောင် တက်နေတာလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

ဇွန်လကုန် ဇူလိုင်လဆန်းမှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စစ်အာဏာရှင်တပ်တွေကို ပြန်ဖိအားပေး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင်လထဲမှာ အင်းတော်၊ မော်လူးနဲ့ ကသာမြို့တွေအနီးက စစ်တပ်စခန်းတချို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပြန်သိမ်းယူထားတယ်လို့ ဆိုပါတယ်။

ဩဂုတ်လလယ်ပိုင်းမှာတော့ လမ်းပိုင်းအလိုက် စစ်တပ်ထိန်းထားတဲ့ နေရာတွေကို ကာကွယ်ရေးအဖွဲ့တွေက ပြန်ထိန်းချုပ်လာနိုင်တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013