
စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်အစပ်က ရွှေဘို-မြစ်ကြီးနား လမ်းမကြီး၊ ကသာ-ထီးချိုင့် လမ်းပိုင်းပေါ်က ကျေးရွာတွေမှာ နိုဝင်ဘာ ၁၄ ရက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းနဲ့ ကသာ-မော်လူး ကားလမ်းတို့မှာ စစ်အာဏာရှင်တပ် ယာဉ်တန်းတွေကို တိုက်ခိုက်ချေမှုန်းမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၅ ရက်ကတည်းက သတိပေးခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။
ထီးချိုင့်နယ်မှာ တရုတ်အစိုးရနဲ့ ဖက်စပ်လုပ်ထားတဲ့ တကောင်းနီကယ်စီမံကိန်း တည်ရှိနေတာ၊ ထီးချိုင့်-ကသာလမ်းပိုင်းဟာ မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းတလျှောက် ထောက်ပို့လုပ်ငန်းတွေ အတွက် အရေးပါနေတာကြောင့် စစ်အာဏာရှင်တပ်က ဖိအားပေးထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
ထီးချိုင့်နဲ့ ကသာမြို့ပေါ် နေရာတွေကို ထိန်းချုပ်ထားတယ်ဆိုပေမဲ့ လမ်းပိုင်းနေရာတွေနဲ့ ကျေးလက်နေရာတွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်လက်စိုးမိုးထားတာ ဖြစ်ပါတယ်။
ကသာဒေသခံ အမျိုးသမီးတယောက်က “၁၄ ရက်နေ့ကတည်းက ကျောက်ပုံမှာ တိုက်ပွဲတွေ ဖြစ်နေတာလေ။ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ ဒီနေ့အထိပဲ။ တအုန်းအုန်းနဲ့ ကြားနေရတယ်။ လေယာဉ်လည်း လာကူပုံရတယ်လေ။ အဲဒါဆိုတဲ့အခါကြတော့ တော်လှန်ရေးဘက်ကတော့ ကျောက်ပုံရွာသူရွာသားတွေကို ရှောင်ဖို့ သတိပေးထားတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့ရဲ့ထုံးစံအတိုင်း မရှောင်ခိုင်းဘူး။ အထွက်မခံဘူးပေါ့။ အဓိကကတော့ ရွာသားတွေရှိရင် သူတို့အတွက် သက်သာမယ်ဆိုတဲ့ အတွေး နေမှာပေါ့။ မနေ့ကတော့ အဲဒီမှာ စစ်သား ၂ ယောက် ဒဏ်ရာရပြီးတော့ အဲဒီနားက ဘုန်းကြီးကျောင်းထဲကို သယ်သွားတယ်လို့ ကြားတယ်။ ဘုန်းကြီးကျောင်းထဲ ရောက်တဲ့အခါကြတော့ သေသွားတယ်လို့လည်း ကြားရတယ်ပေါ့နော်” လို့ ပြောပါတယ်။
မော်လူးနဲ့ အင်းတော်ဘက်ကနေ စစ်အာဏာရှင်တပ် ယာဉ်တန်းတွေ ပြန်ဆင်းတာ၊ ဝန်းသိုနဲ့ ထီးချိုင့်ဘက်ကို အင်အားဖြည့်တင်းနေတာတွေကြောင့် ဒေသတွင်း လမ်းပိုင်းအားလုံး လုံခြုံရေးအရ အာမခံချက်မရှိ ဖြစ်နေတာပါ။
ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့နယ်အစပ် တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်သား ၈၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထီးချိုင့်ဒေသခံတယောက်က “မဲဇာ၊ အင်းတော်က ထွက်လာတဲ့ စစ်ကြောင်းပေါ့ဗျာ။ အဲဒီက သူတို့ကားလမ်းကြောတလျှောက်ပဲ။ အဲဒါ သူတို့ အခုနောက်ဆုံးရောက်နေတာ ကျောင်းကုန်း၊ စကားပင်၊ ပိန္နဲကုန်းပေါ့ဗျာ။ အဲဒီတလျှောက် ရောက်နေပြီပေါ့။ အဲဒီမှာ လေယာဉ်ကတော့ အစီးပေါင်းကတော့ မှတ်ထားလို့ကို မရဘူး။ ကင်းထောက်နဲ့ ထောက်တယ်၊ ဖိုက်တာနဲ့ လာကြဲတယ်။ ဟုမ္မလင်းကတက်တဲ့ ဖိုက်တာရော တံတားဦး၊ မိတ္ထီလာ အစုံ၊ နေရာစုံပဲ၊ လှိမ့်ပိတ်ပြီး ခံနေရတယ်” လို့ ပြောပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတလျှောက် ထီးချိုင့်–ရင်ကွဲတောင်–ကသာ လမ်းပိုင်းကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၉ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် လက်ရှိအချိန်အထိ ထိတွေ့မှု ပြင်းထန်ခဲ့ပြီး စစ်ရေးပြဿနာတွေကြောင့် ကုန်တင်ကားတွေ သွားလာရေး အခက်အခဲ ဆက်တိုက်ကြုံခဲ့ရတာပါ။
စစ်အာဏာရှင်တပ်က ထီးချိုင့်အထက်ပိုင်း မြို့တွေဘက်ကို နယ်မြေမထိန်းချုပ်နိုင်သေးပေမဲ့ အောက်ဘက် မန္တလေးနဲ့ အနီးတဝိုက် မြို့နယ်တွေကိုတော့ အင်အားသုံး ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
မန္တလေးမြို့အထက်ဘက် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းနယ်တွေကို ဒရုန်း၊ လက်နက်ကြီးတွေ ခြိမ်းခြောက်ပစ်ခတ်ပြီး နယ်မြေထိန်းချုပ်ထားတာပါ။
ဧရာဝတီမြစ်ရိုးတလျှောက် ရေလမ်းနဲ့ အဝေးပြေးကားလမ်းဘေးတလျှောက် ကျေးရွာတွေကို အင်အားသုံး ထိန်းချုပ်ပြီး စစ်အာဏာရှင်တပ်က ထောက်ပို့လုပ်ငန်းတွေ လုပ်နိုင်ဖို့ ဗျူဟာတကျ ပြင်ဆင်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။











