
အမေရိကန်အေးဂျင့်တွေ မြေပြင်မှာ လှုပ်ရှားနေတဲ့ စစ်ဆင်ရေး ရှိတယ် ဆိုတာကို အရာရှိ ၄ ယောက် သေဆုံးခဲ့တဲ့ ကားတိုက်မှု မဖြစ်ခင်အထိ ချီဝါဝါပြည်နယ် အုပ်ချုပ်ရေးမှူးက မသိခဲ့ဘူးလို့ မက္ကဆီကို လုံခြုံရေးဝန်ကြီး အိုမာဂါစီယာဟာဖွှတ်ချ်က ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
အမေရိကန်အေးဂျင့်တွေဟာ မက္ကဆီကို မြေပြင်မှာ ဘာစစ်ဆင်ရေးတွေ လုပ်နေတယ်ဆိုတာ သူ့ကို အသိပေးထားတာ မရှိဘူးလို့ ချီဝါဝါပြည်နယ် အုပ်ချုပ်ရေးမှူး မာရီယာ ယူဂျေးနီးယာ ကမ်ပို့စ်က သူ့ကို တိုက်ရိုက်ပြောခဲ့တယ်လို့ လုံခြုံရေးဝန်ကြီး ဟာဖွှတ်ချ်က မက္ကဆီကိုစီးတီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်အရာရှိတွေ အဲဒီပြည်နယ်ထဲမှာ ဘာတွေလုပ်နေသလဲ ဆိုတာ အသေးစိတ်ကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးသလို မက္ကဆီကို ရှေ့နေချုပ်ရုံးကလည်း ဒီကိစ္စကို စုံစမ်း စစ်ဆေးနေပြီလို့ ဝန်ကြီးက ဖြည့်စွက် ပြောသွားပါတယ်။
ဧပြီ ၁၉ ရက်က ချီဟွာဟွာပြည်နယ်မှာ စစ်ဆင်ရေးတခုလုပ်ပြီး အပြန် ကားတိုက်မှုဖြစ်လို့ အမေရိကန်အရာရှိ ၂ ယောက်နဲ့ မက္ကဆီကိုအရာရှိ ၂ ယောက် သေဆုံးခဲ့ရာကနေ ဒီကိစ္စ ပေါ်ပေါက်လာတာပါ။
သေဆုံးသွားတဲ့ အမေရိကန်တွေဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် လုပ်ဆောင်နေတဲ့ CIA အရာရှိတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို သတင်းရင်းမြစ်တွေက ပြောပါတယ်။
မက္ကဆီကို လုံခြုံရေးအဖွဲ့ကတော့ အဲဒီ အမေရိကန်အေးဂျင့် ၂ ယောက်ဟာ နိုင်ငံတွင်းမှာ လုံခြုံရေး လုပ်ငန်းတွေ လုပ်ဖို့ တရားဝင်အသိအမှတ်ပြုထားတာ မရှိဘူးလို့ ဆိုပါတယ်။
မက္ကဆီကိုရဲ့ ဂိုဏ်းစတားနှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ အမေရိကန်ဝန်ထမ်းတွေ ပါဝင်နေတာက အလွန်ကို ထိခိုက်လွယ်တဲ့ ကိစ္စတခုဖြစ်ပြီး သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်ကလည်း ထောက်လှမ်းရေးအချက်အလက် မျှဝေခြင်းနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပေမဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ မြေပြင်မှာ တိုက်ရိုက်ပါဝင်တာကိုတော့ လက်မခံဘူးလို့ အကြိမ်ကြိမ် အလေးအနက် ပြောထားပါတယ်။
Source: Reuters











