DVB Logo
Home
နိုင်ငံတကာ
ဒေသခံများဆန္ဒပြပြီးနောက် မက္ကဆီကိုအစိုးရက ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိ သန့်ရှင်းရေ ရရှိရန် စီစဉ်
DVB
·
October 29, 2026
Photo: REUTERS / MEXICAN GOVERNMENT TV
Photo: REUTERS / MEXICAN GOVERNMENT TV
Donate to DVB

မက္ကဆီကိုနိုင်ငံ၊ ဂျာလစ္စကိုပြည်နယ်၊ ဂွါဒါလာဟာရာမြို့နဲ့ မြို့ပြဧရိယာတွေမှာ ဒေသခံတွေက အပြင်းအထန် ဆန္ဒပြခဲ့ကြပြီးနောက် ဖယ်ဒရယ်နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သန့်ရှင်းတဲ့ရေ ရရှိရေးအတွက် ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တခုကို အောက်တိုဘာ ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ဂျာလစ္စကိုပြည်နယ်က ဒေသခံတွေဟာ ဒေသတွင်းမှာ ရေတွေက အနံ့ဆိုးထွက်နေပြီး အရောင်ကလည်း အဝါရင့်ရောင်ကနေ အနက်ရောင်အထိ ပြောင်းလဲနေတယ်လို့ ပြောရင်း ရေအရည်အသွေး ညံ့ဖျင်းတာနဲ့ ရေဖြန့်ဝေမှု မမှန်မကန် ဖြစ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့ကြတာပါ။

အရေပြား ယားယံတာနဲ့ အဖုအပိန့်ထွက်တာ အပါအဝင် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက် မိသားစုတွေက ချက်ပြုတ်စားသောက်တာနဲ့ ကိုယ်လက်သန့်စင်တာတို့ အတွက် သောက်ရေသန့်ဘူးတွေကို ဝယ်သုံးနေရတယ်လို့ ပြောပါတယ်။

ဒီဆန္ဒပြမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဖယ်ဒရယ်နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ရေပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ပီဆိုငွေ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်) တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တခုကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

မြို့ပြဧရိယာက မိသားစုတွေဆီ အရည်အသွေးကောင်းတဲ့ ရေတွေပို့ပေးဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေမှာ ပီဆိုငွေ ၂၅ ဘီလီယံ ပူးပေါင်းရင်းနှီးမြှုပ်နှံသွားဖို့ မက္ကဆီကိုနဲ့ ဂျာလစ္စကို အစိုးရတို့က သမိုင်းဝင် သဘောတူညီချက်တရပ် ရခဲ့တယ်လို့ ဂျာလစ္စကို ပြည်နယ်အုပ်ချုပ်ရေးမှူး ပါဘလို လေမတ်စ်က မက္ကဆီကိုစီးတီးမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရေရှည်စီမံကိန်းတွေကို အကောင်အထည်ဖော်နေချိန် ကာလအတွင်း မြို့ပြဧရိယာမှာနေတဲ့ ပြည်သူတွေ သန့်ရှင်းတဲ့ရေ ရစေဖို့ ဖယ်ဒရယ်အစိုးရက ကတိပြုထားတဲ့ ပီဆိုငွေ ၁၄ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၇၁၀ လောက်) အပြင် ဂျာလစ္စကို ပြည်နယ်အစိုးရကလည်း ပီဆိုငွေ ၁၀ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက်) ထပ်ထည့်ဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေက အာဏာပိုင်တွေအပေါ် ဖိအားပေးဖို့ ဘေးကင်းလုံခြုံတဲ့ ရေရရှိရေးကို တောင်းဆိုရင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013