
ရခိုင်ပြည်နယ်ကို ပြန်ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေကို လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာကြောင့် ဒေသခံတချို့ ထပ်မံနေရာပြောင်းရွှေ့ တိမ်းရှောင်နေရသလို စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုဒဏ်ကိုလည်း အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
AA ထိန်းချုပ်ထားတဲ့ ရခိုင်က ဒေသတွေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် အာဏာသိမ်းစစ်တပ်အနေနဲ့ ရခိုင်ပြည်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ စစ်ရေးဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေသလို ဩဂုတ်လ နောက်ဆုံးပတ်ကစတင်ပြီး ရေကြောင်းကနေပါ အင်အားဖြည့်တင်း လှုပ်ရှားမှုတွေ များလာနေပါတယ်။
ဒါကြောင့် ပင်လယ်ကို အမှီပြုလုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံရေလုပ်သားတွေမှာ အသက်အန္တရာယ်စိုးရိမ်ပြီး ငါးဖမ်းလုပ်ငန်းတွေကို ရပ်နားထားရတယ်လို့ ဒေသခံ ရေလုပ်သားတယောက်က ပြောပါတယ်။
“ရေလုပ်ငန်းကိုပဲ မှီခိုစားသောက်နေရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ အဓိက ရေကြောင်းမှာ နေဗီက တောက်လျှောက်ရှိနေတဲ့အခါ ပင်လယ်မှာ သား၊ ငါး၊ ပုစွန် ရှာဖွေတဲ့ လုပ်ငန်းတွေက အကုန်လုံးရပ်ဆိုင်းသွားတာပေါ့။ ပြည်သူတွေရော၊ လက်ရှိ စစ်ဘေးရှောင်တွေရော အကုန်လုံးက စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်ရတာပေါ့နော်။ စစ်ရှောင်တွေက သုံးလေး နေရာလောက် ထပ်ပြီးရွှေ့နေရတယ်။ တချို့လူတွေဆိုရင်လည်း Mobile ပုံစံမျိုးနဲ့ ဟိုပြေးဒီပြေး ပြေးနေရတာတွေလည်း ရှိပါတယ်။ ဆိုတော့ စားဝတ်နေရေးက ပိုခက်ခဲလာတာပေါ့နော်။”
လက်ရှိမှာလည်း စစ်အုပ်စုရဲ့ လမ်းခရီးကန့်သတ်မှုတွေကြောင့် ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရပြီး ဒေသတွင်း ကုန်ဈေးနှုန်းတွေကလည်း ၂ ဆနီးပါး မြင့်တက်လာပါတယ်။ ၏
ရခိုင်ပြည်နယ်တောင်ပိုင်းက ဝေးလံခေါင်ဖျားပြီး လမ်းခရီးကြမ်းတမ်းတဲ့ တချို့နေရာတွေမှာ ဆန်တအိတ်ကို ၁ သိန်း ၈ သောင်းကျပ်၊ စားအုန်းဆီ တလီတာကို ၁ သောင်း ၃ ထောင်ကျပ်အထိ ရှိလာနေပြီး ဝင်ငွေနည်းပါးတဲ့ ဒေသခံတွေအတွက် နေ့စဉ် စားသောက်ဖို့ပင် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူတဦးဖြစ်တဲ့ Triple T အဖွဲ့တည်ထောင်သူ ကိုဗစ်တာက ထွက်ပြေးတိမ်းရှောင်နေရမှုနောက်ဆက်တွဲ စားဝတ်နေရေးကျပ်တည်းမှု အခြေအနေတွေကို ရှင်းပြပါတယ်။
“အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေက အင်မတန်မြင့်တက်နေတဲ့ အနေအထားမှာတော့ ရှိပါတယ်ဗျ။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားမဟုတ်တော့ဘူးဗျ။ သေနေကြတဲ့အနေအထား၊ မသေရင်လည်း တသက်လုံးဒုက္ခိတ ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးကို ရှိနေတာပေါ့။ ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမားမှုကြောင့် ပြည်သူလူထုရဲ့ နေ့တဓူဝ စားဝတ်နေရေးကို တော်တော်လေးထိခိုက်လာတာကို ကျနော်တို့မြင်ရတယ်။ ထမင်းကျန် ဟင်းကျန်လေးများ မရှိဘူးလား။ ကျမသမီးလေး ကျမသားလေး ထမင်းမစားရသေးလို့ပါပေါ့နော်။ အခုလက်ရှိအနေအထားက အဲဒီဘဝကို ပြန်ရောက်နေတာ။ လက်ရှိမှာက တော်တော်ကို အခက်အခဲရောက်နေကြတဲ့ အနေအထားလို့ ကျနော်တို့က ပြောလို့ရပါတယ်။”
စစ်ရေးတင်းမာမှုတွေကြောင့် လက်ရှိမှာလည်း ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျိန္တလီနဲ့ ငပလီမြို့နယ်တွေမှာ ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို AA က ထုတ်ပြန်ထားပါတယ်။
ကုန်သွယ်မှုလမ်းကြောင်းတွေ ပြတ်တောက်နေတာ၊ လူသားချင်းစာနာမှု အကူအညီရရှိမှု အားနည်းတာ နဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ်စိုးရိမ်နေကြရသလို စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကိုလည်း ခါးစည်းခံ ရင်ဆိုင်နေကြရပါတယ်။











